ရန်ကုန်၊ ဇန်နဝါရီ ၄ ။ ။ မသန်စွမ်းသူများအတွက် ရည်ရွယ်ပြီး မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူးရေး သင်တန်းတစ်ခုကို ဇန်နဝါရီလ ၄ရက်နေ့တွင် ရန်ကုန်မြို့ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ ခန်းမ မှာ သင်တန်းပေးခဲ့ကြောင်း သိရသည်။
ကင်မရာရှေ့တွင် ရိုက်ကူးခံဘဝမှ ကိုယ်တိုင်ရိုက်ကူးနိုင်သော အနေအထားရောက်ရှိအောင် သင်တန်းပေးခဲ့ခြင်း ဖြစ်သည် ဟု စေတနာ့နည်းပြ လုပ်ပေးခဲ့သည့် မနွေးဇာခြည်စိုးက ပြောသည်။
"မသန်စွမ်းတွေကို များသောအားဖြင့် ကင်မရာရှေ့မှာပဲ ရိုက်ဖို့စိတ်ကူးရှိတယ် ဒါပေမယ့် ကျွန်မ တကယ်လေ့လာတဲ့အခါမှာ မသန်စွမ်းတွေကိုယ်တိုင်လည်း ဒါကို ရိုက်ကူးခွင့်ရှိတယ်။ ကိုယ်တိုင်လည်း ရိုက်နိုင်တဲ့ အနေအထားတွေရှိတယ်။ နိုင်ငံတကာမှာလည်း မသန်စွမ်းရုပ်ရှင်ပွဲတော်တွေရှိတဲ့အတွက် ကျွန်မ ဒါလေးကို စပြီးအကောင်အထည်ဖော်ဖြစ်တာပါ” ဟု သူက မဇ္စျိမကို ပြောသည်။
သင်တန်းတက်ရောက်သူများတွင် ၊ ၀ှီးချဲအသုံးပြုသူများပင် ပါ၀င်သည်ဟု သိရပြီး မနွေးဇာခြည်စိုးမှ ကိုယ်ပိုင်ငွေအသုံးပြုကာ သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သူသည် မသန်စွမ်းအသင်းအဖွဲ့ဝင်ဖြစ်ခဲ့စဉ် မီဒီယာပိုင်းမှတဆင့် အသိပညာပေးလုပ်ခဲ့ဖူးသူတစ်ဦးလည်း ဖြစ်သည်။