ရန်ကုန် ၊ ဒီဇင်ဘာ ၁၆ ။ ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကလုံခြံုရေးဝန်ဆောင်မှုများပေးနေသည့် ကုမ္ပဏီများကို ပိုပြီး စနစ်တကျရှိစေချင်ကြောင်း အဆိုတစ်ရပ်တင်သွင်းခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က မှတ်တမ်းတင်ဖို့သာ ဆုံးဖြတ်ခဲ့သည်။
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့တွင် ကိုကိုးကျွန်းမဲဆန္ဒနယ်အမှတ်(၁) ဦးတင်ဝင်းက ယင်းအဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။
"ရန်ကုန်တိုင်းဒေသကြီးမှာ ပုဂ္ဂလိကလုံခြံုရေးကုမ္ပဏီတွေက အများဆုံးရှိတယ်။ လက်ရှိအနေအထားအရဆိုရင် တော်တော်များများက မှတ်ပုံတင်ထားခြင်းမရှိဘူး။ သင်တန်းများပေးတာလည်းမရှိဘူး။ အဲ့ဒါကြောင့် ပိုပြီးစနစ်တကျဖြစ်ချင်တာ" ဟု ဦးတင်ဝင်းက ဆိုသည်။
လက်ရှိအစိုးရ ဆောင်ရွက်ဆဲအလုပ်များကို စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်စေလိုခြင်းကြောင့်သာ အဆိုကို အတည်ပြုစေလိုခြင်းဖြစ်ကြောင်း ကိုကိုးကျွန်းမဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက ယနေ့လွှတ်တော်အပြီးတွင် မီဒီယာများသို့ ပြောသည်။
ပုဂ္ဂလိက လုံခြံုရေးဝန်ဆောင်မှုများပေးနေသည့် ကုမ္ပဏီများကို ပိုမိုစနစ်ကျသော အခြေအနေအဖြစ် ဆောင်ရွက်ပေးရန် သက်ဆိုင်ရာဌာနများကို တိုက်တွန်းကြောင်းအဆိုကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂ ဦးအပါအဝင် စုစုပေါင်းကိုယ်စားလှယ် ၅ ဦး ၀ိုင်းဝန်းဆွေးနွေးခဲ့ကာ လွှတ်တော်၌ မဲခွဲရာတွင် ထောက်ခံမဲ ၄၂ မဲ ၊ ကန့်ကွက်မဲ ၄၆ မဲ၊ ကြားနေမဲ ၂၀ ဖြင့် မဲခွဲဆုံးဖြတ်ပြီး အဆိုကို မှတ်တမ်းတင်ရန်သာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
လုံခြံုရေးနှင့်ပတ်သက်လျှင် အစိုးရအဖွဲ့က အရှိန်အဟုန်မြှင့်ပြီး စတင်ဆောင်ရွက်နေပြီဖြစ်ခြင်းကြောင့် မှတ်တမ်းအနေဖြင့်သာထားရှိဖို့ ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာ လုံခြံုရေးဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက လွှတ်တော်၌ မှတ်ချက်ပေးပြောဆိုခဲ့သည်။