ပြံုယမ်း၊ ဒီဇင်ဘာ ၁၀ ။ ။ မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားလက်နက်များ ပစ်လွှတ်နိုင်ပြီဖြစ်ကြောင်း အမေရိကန်စစ်တပ် တာဝန်ရှိသူတစ်ဦးက ပြောပြီး သိုသိုသပ်သပ်နိုင်သော မြောက်ကိုရီးယား အစိုးရအနေဖြင့် နျူကလီးယား ပစ်လွှတ်ပြီးနောက် ထိန်းချုပ်နိုင်သည့် နည်းပညာကို လိုအပ်နေသေးဆဲဖြစ်ကြောင်း မှတ်ချက်ပြု ပြောကြားသည်။
အမည်ထုတ်ဖော်ပြောခြင်း မရှိသည့် ယင်းတာဝန်ရှိသူက ဒီဇင်ဘာ ၉ ရက်နေ့၌ ပြောရာတွင် မြောက်ကိုရီးယားက ဖျက်အားပြင်းဒုံးကျည်များတွင် နျူထိပ်ဖူးများ တင်ဆောင်ပစ်လွှတ်နိုင် နေပြီဖြစ်သော်လည်း စေလွှတ်ရာ ပစ်မှတ်သို့ ရောက်ရှိအောင် ပစ်လွှတ်နိုင်သည့် နည်းပညာကို မသိရှိသေးဘဲ ရှိနိုင်ကြောင်း ဆိုသည်။
ပစ်လွှတ်သည့် လက်နက်အား လောင်ကျွမ်းရှိမရှိဘဲ ကမ္ဘာ့လေထုကို ဖြတ်သန်းနိုင်ရေးအပါအဝင် ရှိနေဆဲ အားနည်းချက်များကို ကျော်လွှားနိုင်ရေး မြောက်ကိုရီးယားသုတေသီများက ကြိုးစားလျက် ရှိနေသည်ဟု ယင်းတာဝန်ရှိသူက ဆိုသည်။
မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နျူတိုက်ခိုက်မှု ပြုလုပ်နိုင်ပြီး ဖြစ်လာနိုင်သည့် အစီအစဉ်များအတွက် ဆက်လက်သုတေသနများ လုပ်ဆောင်လျက်ရှိနေပြီး ယင်း၏ နျူကလီးယားအရေးက အလွန် စိုးရိမ်ဖွယ်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“အမှန်ကိုပဲ မြောက်ကိုရီးယားနိုင်ငံက နျူကလီးယား တင်ဆောင်ပစ်လွှတ်နိုင်စွမ်းရှိနေပြီ။ ဒါပေမယ့် ပစ်မှတ်ကို ထိမှန်အောင် ပစ်လွှတ်နိုင်စွမ်း ရှိ မရှိက မကျိန်းသေဘူး။ ဒါကြောင့် သူတို့တွေ စမ်းသပ်မှုတွေ ဆက်တိုက်လုပ်နေတာပဲဖြစ်တယ်။”ဟု ၎င်းက ပြောခဲ့သည်။