ဒီဇင်ဘာ ၃၊ လန်ဒန်။ ။ စပါးနောက်ခံလူ ဗာတွန်ဂမ်သည် တစ်ပတ်လုပ်ခ ပေါင် ရ၀, ၀၀၀ ဝန်းကျင်ဖြင့် သုံးနှစ်စာချုပ်သစ် ချုပ်ဆိုလိုက်သည်။ ဘယ်လ်ဂျီယံနောက်ခံလူသည် တိုက်စစ်မှူး ဟာရီကိန်း ငါးနှစ်စာချုပ်သစ် ချုပ်ပြီးနောက် စပါးအသင်းက နောက်ထပ်စာချုပ်သစ် ချုပ်သည့် ကစားသမားဖြစ်လာခဲ့သည်။
ဗာတွန်ဂမ်စာချုပ်သစ်ချုပ်သည့်သတင်းကို စပါးအသင်းက ဗာတွန်ဂမ်၊ ပိုချက်တီနိုတို့ နှစ်ယောက်တွဲ ဓါတ်ပုံဖြင့် အသင်း၏ တွစ်တာတွင် တင်ထားခဲ့ခြင်းဖြစ်သည်။
ပုံထဲတွင် ပိုချက်တီနိုသည် ယခင်စာချုပ်သစ်ချုပ်ထားသူများဖြစ်သည့် အလီ၊ ဒီယာ၊ ရို့စ်၊ ဝေါ်လ်ကာ၊ ကိန်းတို့နှင့် စာချုပ်စဉ်က ပုံစံအတိုင်းရှိနေခဲ့ပြီး ယင်းဓါတ်ပုံမှာ အဝတ်လဲခန်းအတွင်းရိုက်ထားခြင်းဖြစ်သည်ဟု အရွှမ်းဖောက်ခံနေရသည်။
ဗာတွန်ဂမ်က “ကျွန်တော်အရမ်းပျော်ပါတယ်။ စာချုပ်ပေါ်မှာ လက်မှတ်ထိုးလိုက်ပြီးနောက် တော်တော်လေးပျော်ခဲ့သလို စိတ်သက်သာရာလည်း ရခဲ့ပါတယ်။
အနာဂါတ်ကောင်းနေတဲ့အသင်းမှာ အစိတ်အပိုင်းတစ်ခုအဖြစ်ဆက်နေခွင့်ရလို့ ဝမ်းသာပါတယ်။ ပါရမီရှင်အပေါင်းအသင်းတွေနဲ့ အတူကစားခွင့်ရတာ ပျော်စရာပါ။ ဝန်းကျင်ကောင်းတစ်ခုကိုလည်း ကျွန်တော်တို့ဖန်တီးထားနိုင်ပါတယ်”ဟု ပြောသည်။
အသက် ၂၉ နှစ်အရွယ်ရှိ ဗာတွန်ဂမ်၏ စာချုပ်မှာ ၂၀၁၈ ထိဖြစ်ပြီး ပြင်ဆင်ချုပ်ဆိုသည့် စာချုပ်သစ်ရ ၂၀၁၉ ထိ သက်တမ်းရှိ မည်ဖြစ်သည်။ ဗာတွန်ဂမ်သည် ၂၀၁၂ တွင် အိုင်းယက်စ်မှပြောင်းလာပြီးနောက် စပါးအသင်းအတွက် ၁၇၉ ပွဲကစားထားသည်။
Ref; Daily Mail