မန္တလေး၊ နိုဝင်ဘာ ၇ ။ ။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၅ မြို့နယ်ကို ဆောင်းသီးနှံ စိုက်ပျိုးနိုင်ရန်အတွက် ငွေကျပ်သိန်းပေါင်း ၉၅၀၅၆ ဒဿမ ၆၀ ထုတ်ချေးပေးသွားမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ မန္တလေးတိုင်းဘဏ်ခွဲမှ တိုင်းမန်နေဂျာ ဦးဝင်းမြင့်က မဇ္ဈိမကို ပြောသည်။
အဆိုပါ ချေးငွေများကို ၂၀၁၆ ခုနှစ် အောက်တိုဘာလမှ စတင်၍ထုတ်ပေးလျှက်ရှိရာ နိုဝင်ဘာလ ၇ ရက်နေ့အထိ မြို့ နယ် ၁၅ မြို့နယ်မှ ကျေးရွာအုပ်စုပေါင်း ၈၈ အုပ်စု တောင်သူပေါင်း ၈၅၈၂ ဦးကို စိုက်ပျိုးဧကပေါင်း ၄၀၁၈၃ ဧက အ တွက် ချေးငွေပေါင်း ၂၂၄၉ ဒဿမ ၆၅သိန်း ထုတ်ချေးပေးထားပြီး ကျန်ရှိနေသည့် ကျေးရွာအုပ်စုများကို ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလအထိ ထုတ်ပေးသွားမည်ဟု တိုင်းမန်နေဂျာ ဦးဝင်းမြင့်က ဆိုသည်။
ယင်းသို့ ချေးငွေထုတ်ပေးရာတွင် စပါးစိုက်ပျိုးသူအတွက် လယ်တစ်ဧက တစ်သိန်းခွဲနှုန်း၊ အခြားသီးနှံများဖြစ်သည့် ဆီ ထွက်သီးနှံ၊ ပဲအမျိုးမျိုး၊ အစေ့ထုတ်ပြောင်းနှင့် ချည်မျှင်ရှည်ဝါ များကို တစ်ဧက နှစ်သောင်းနှုန်းသတ်မှတ်၍ ထုတ်ချေး ပေးကြောင်း သိရသည်။
ထုတ်ပေးထားသည့် ချေးငွေများကို ၂၀၁၇ခုနှစ်၊ ဇွန်လအကုန်တွင် ပြန်လည်ပေးချေရမှာဖြစ်ပြီး အတိုးနှုန်းမှာ ငွေတစ်ရာ ကျပ်ကို တစ်နှစ်လုံး ၈ ရာခိုင်နှုန်းဖြစ်ပြီး တစ်လအတိုးနှုန်းမှာ တစ်ရာကျပ်လျှင် ၆၇ ပြား ဖြစ်ကြောင်း သိရသည်။
ရာသီအလိုက် စိုက်ပျိုးသီးနှံ စရိတ်များပိုမိုတိုးမြှင့်ရရှိရန်အတွက်လည်း ပြည်ထောင်စုအစိုးရ ထံတင်ပြထားကြောင်း သိရ သည်။
"စပါးစိုက်တဲ့တောင်သူက တစ်ဧက နှစ်သိန်းခွဲရတယ်။ အခြားသီးနှံစိုက်တဲ့သူက နှစ်သောင်းပဲရတယ်။ ဒါဟာ အလွန် နည်း တယ်ဆိုတာသိပါတယ်။ ဒါကြောင့်လည်း ချေးငွေတိုးမြှင့်ပေးနိုင်ဖို့ အစိုးရအဖွဲ့ကို တင်ပြထားပါတယ် " ဟု တိုင်း မန်နေဂျာ ဦးဝင်းမြင့်က ပြောသည်။
၂၀၁၅ခုနှစ်၌ ဧကပေါင်း ၁၈၈၄၁၀ ဧကအတွက် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း ၅၈၃၄ ဒဿမ ၃၆ သိန်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ဆောင်းသီးနှံ စိုက်ပျိုးနိုင်ရန်အတွက် ချေးငွေထုတ်ပေးရာတွင် ပုံစံ(၇)ရှိသူများသာထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။