ရန်ကုန်၊နိုဝင်ဘာ ၇ ။ ။ ဆက်သွယ်ရေးနည်းပညာ၊ အင်တာပရိုက်စ်နှင့် ကွန်ဗားဂျင့် ဖြေရှင်းနည်းများဆိုင်ရာပြပွဲ Communicast Myanmar 2016 နှင့် International Myanmar ICT Exhibition 2016 ကို Novotel Hotel တွင် ဒီဇင်ဘာ ၆ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်သည်။
အဆိုပါ Communicast Myanmar 2016 နှင့် ပတ်သက်သည့် စာနယ်ဇင်းရှင်းလင်းပွဲကို နိုဝင်ဘာ ၇ ရက် နေ့ နံနက် ၁၀ နာရီတွင် Novotel Hotel ၌ ပြုလုပ်ကျင်းပ ခဲ့သည်။
Communicast Myanmar 2016 သည် တတိယအကြိမ်မြောက် အခမ်းအနား ဖြစ်ပြီး International Myanmar ICT Exhibition နှင့် ပူးပေါင်းထားပြီး ဂြိုလ်တုမှ ကေဘယ်လ်နှင့် စီးပွားရေးဆိုင်ရာ အက်ပလီ ကေးရှင်းများအထိ ဆက်သွယ် ရေးနှင့် ရုပ်သံလုပ်ငန်းများအတွက် ဆက်စပ်နေသော စီးပွားရေးဆိုင်ရာ အခမ်းအနား လည်း ဖြစ်သည်။
Communicast Myanmar 2016 တွင် အချက်အလက်ဝန်ဆောင်ပေးသူ KBZ Gateway ၊cloud computing ကုမ္မဏီ Myint နှင့် တယ်လီကွန်းအော်ပရေတာ MPT တို့ ပါဝင်မည်ဖြစ်ပြီး နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ကုမ္မဏီ ၇၀ က ဝင်ရောက်ပြသမည်ဖြစ်သည်။
အိန္ဒိယ၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံတကာပြခန်းကြီး (၄) ခန်းပါဝင် ပြသသွားမည်ဖြစ်သည်။
Bangkok Exhibition Services ၏ အထွေထွေမန်နေဂျာ Mr.Fraser Hawkes က " မြန်မာနိုင်ငံမှာ တယ်လီ ဆက်သွယ်ရေးနည်းပညာ ဒေတာစင်တာ အစရှိတဲ့ ကဏ္ဍတွေအားလုံးကို တစ်နေရာတည်းမှာ ပြပွဲတစ်ခုအနေ နဲ့ ဖန်တီးပြီးတော့ business to business ဆွေးနွေးနိုင်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ် ၊ ဝင်ရောက်ပြသမယ့် ကုမ္မဏီ တွေကလည်း ဖိုင်ဘာနဲ့ ပတ်သက်ပြီး ဆက်သွယ်ရေး နည်းပညာတွေ၊ ဒေတာစင်တာ problem စတဲ့ နည်းပညာ တွေပြသမှာဖြစ်ပါတယ်၊ ဒီကနေတစ်ဆင့်တိုးတက်လာ မယ်လို့ မျှော်လင့်ထားပါတယ်၊ လာရောက် ကြည့်ရှုတဲ့ သူတွေအနေနဲ့ ဒီလိုကဏ္ဍတွေကနေ နည်းပညာအသစ်တွေ၊ ထုတ်ကုန်အသစ်တွေကို လေ့လာ နိုင်မှာ ဖြစ်ပါ တယ် " ဟုဆိုသည်။
ဆက်စပ်အခမ်းအနားဖြစ်သော Myanmar Satellite Forum ကို ဒီဇင်ဘာ ၇ ရက်နေ့ တွင် ကျင်းပသွားမည် ဖြစ်ပြီး အစိုးရလုပ်ငန်းရှင်များ၊ ရုပ်သံထုတ်လွှင့်သူများနှင့် ဝန်ဆောင်မှုပေးသူများအတွက် အကြံဉာဏ်များ လဲလှယ်ရန်၊ အချက်အလက် ဝန်ဆောင်မှုများဆိုင်ရာ စိန်ခေါ်မှုများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။