ပါရီမာစတာ တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲစဉ်မှာဗြိတိန်တင်းနစ်ကစားသမား အန်ဒီမာရေးက အမေရိကန်ကစားသမား ဂျွန်အစ်နာကို ၆-၃၊ ၆-၇ (၄-၇)၊ ၆-၄ နဲ့ အနိုင်ရရှိပြီး ကမ္ဘာ့အဆင့်တစ် တင်းနစ်ကစားသမားအဖြစ် အောင်ပွဲခံခဲ့ပါတယ်။
အဆိုပါနိုင်ပွဲရရှိဖို့ အသက် (၂၉)နှစ်အရွယ် မာရေးက အစ်နာကို ၂ နာရီနဲ့ ၁၈ မိနစ်ကြာ ကစားခဲ့ပြီး ဒီနိုင်ပွဲကြောင့် ၂၀၁၆ ခုနှစ်အတွင်း ဆုဖလား ၈ ကြိမ်ရရှိထားပြီး တင်းနစ်ကစားသမား သက်တမ်းတစ်လျှောက် စုစုပေါင်း ဆုဖလား ၄၃ ခု ရရှိထားပါတယ်။
နိုဝင်ဘာ ၅ ရက်နေ့က ယှဉ်ပြိုင်ကစားတဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပြိုင်ဘက်ကစားသမား ရာအိုနစ်က ခြေထောက်ဒဏ်ရာကြောင့် နုတ်ထွက်သွားခဲ့တာကြောင့် မာရေးမှာ အလိုအလျောက် အနိုင်ရရှိပြီး ဗိုလ်လုပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။
တနင်္လာနေ့မှာတော့ အန်ဒီမာရေးကို ကမ္ဘာ့နံပါတ်တစ်အဖြစ် တရားဝင် ကြေညာသွားမယ်လို့ သိရပါတယ်။
ပါရီမာစတာပြိုင်ပွဲမှာ ဂျိုကိုဗစ်က ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ခွာခဲ့ရတာကြောင့် လက်ရှိနံပါတ်တစ် နေရာကနေ ဆင်းခဲ့ရပြီး ဗိုလ်လုပွဲ တက်ရောက်နိုင်တဲ့ မာရေးက ကမ္ဘာ့အဆင့်သတ်မှတ်ချက် နံပါတ်တစ်နေရာကို ဝင်ရောက်လာတာဖြစ်ပါတယ်။
ဂျိုကိုဗစ်က ကမ္ဘာ့အဆင့် တစ်နေရာမှာ ၂၀၁၄ ခုနှစ် ဇူလိုင်လမှစပြီး ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။
Ref; BBC Sports