ရန်ကုန်၊ အောက်တိုဘာ ၂၆ ။ ။ ၂၀၁၇ ခုနှစ် ဧပြီလတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရနိုင်ရေး ဝိုင်းဝန်းကူညီကြဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်များက လွှတ်တော်ကိုယ်စားလှယ်များကို မှာကြားခဲ့ကြောင်း ကျောက်တံတားမဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာက မဇ္ဈိမကိုပြောသည်။
အောက်တိုဘာ ၂၆ ရက်နေ့က ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်တွင် ပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်တွေနဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲမှာ မှာကြားခဲ့ခြင်း ဖြစ်သည်။
"ရန်ကုန်မှာကလည်း အရမ်းကြီး အများကြီးတော့လည်း နေရာမရှိပါဘူး။ ရှိတဲ့နေရာကို ဝိုင်းဝန်းပြီးတော့ ၂၀၁၅ တုန်းကလိုပဲ အပြတ်အသတ်နိုင်ဖို့ရန် အားလုံး ပူးပေါင်းပြီးတော့ ကူညီကြဖို့ပေါ့" ဟု ဒေါ်ကြည်ပြာက ပြောသည်။
ယင်းသို့ တွေ့ဆုံမှုနှင့် ပတ်သက်၍ ပါတီတွင်းတွေ့ဆုံမှုသက်သက်သာဖြစ်ပြီး ဆုံးဖြတ်ချက်တစ်စုံတရာ မရှိကြောင်း ဗဟို အလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ဆိုသည်။
ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံတစ်ဝန်းလုံး၌ လစ်လပ် မဲဆ န္ဒနယ် ၁၈ နေရာရှိသည်ဟု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပြီး ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေ မဲဆန္ဒနယ် အ မှတ်(၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး သေဆုံးထားသည့်အတွက် ၁၉နေရာ ကျင်းပရဖွယ် ရှိနေသည်။
အဆိုပါ မဲဆန္ဒနယ်များတွင် ပြည်သူ့လွှတ်တော်၌ ၉ နေရာ ၊ အမျိုးသားလွှတ်တော်၌ ၃ နေရာ ၊ ပြည်နယ်နှင့် တိုင်းလွှတ်တော်၌ ၆ နေရာ လစ်လပ်နေခြင်း ဖြစ်သည်။
ရန်ကုန်တိုင်းအတွင်း လစ်လပ် မဲဆန္ဒနယ်များအနေဖြင့် စုစုပေါင်း ၅ နေရာ ရှိပြီး ပြည်သူ့လွှတ်တော်၌ ၄ နေရာ လှိုင်သာယာ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ကော့မှူး မဲဆန္ဒနယ် ၊ အမျိုးသားလွှတ်တော်၌ ရန်ကုန်တိုင်း ဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၆) နေရာ လစ်လပ်နေကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။