အောက်တိုဘာ ၂၀၊ စပိန် ။ ။ ရီးယဲလ်အသင်းနှင့် စာချုပ်သက်တမ်းတိုး ချုပ်ဆိုပြီးနောက်တွင် ခရိုအေးရှားကွင်းလယ်ကစားသမား မိုဒရစ်က ၎င်းတို့အသင်း၏ အဓိကဦးစားပေး ဆုဖလားမှာ လာလီဂါဆုဖလားဖြစ်ကြောင်း ပြောဆိုလိုက်သည်။
ရီးယဲလ်အသင်းသည် ၎င်းတို့အသင်း၏ အဓိကကွင်းလယ်လူ မိုဒရစ်ကို ၂၀၂၀ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးချုပ်ဆိုခဲ့သည်။ လက်ရှိတွင် ဒူးဒဏ်ရာကြောင့်အနားယူနေရသည့် မိုဒရစ်သည် ရီးယဲလ်နှင့်အတူ ချန်ပီယံလိဂ်ဖလား နှစ်ကြိမ် ရရှိဖူးသော်လည်း လာလီဂါချန်ပီယံဆုကို မရရှိခဲ့ဖူးပေ။
‘အမှတ်ပေးဖလား မရတာ လေးနှစ်ရှိသွားပါပြီ။ လေးနှစ်ဆိုတဲ့အချိန်က အရမ်းကိုကြာသွားပြီလို့ ပြောလို့ရပါတယ်။ ရီးယဲလ်ရဲ့ အဓိက ဦးစားပေးဆုဖလားက လာလီဂါပါ’ ဟု မိုဒရစ်က ပြောသည်။
ထို့အပြင် ခရိုအေးရှားကွင်းလယ်လူက ‘ဒီနေ့က တကယ်ကိုထူးခြားတဲ့နေ့ပါပဲ။ အသင်းက လိုအပ်သလောက် အစွမ်းကုန်ပေးဆပ်ကစားသွားမယ်လို့ ကတိပေးပါတယ်။ ရီးယဲလ်မှာ အောင်မြင်မှုတွေအများကြီး ထပ်ရဦးမယ်လို့ မျှော်လင့်ပါတယ်။
ကစားသမားဘ၀ အဆုံးသတ်တဲ့အထိ ရီးယဲလ်မှာ ကစားသွားလိုပါတယ်။ အခုစာချုပ်က ကျွန်တော့်ရဲ့ နောက်ဆုံးစာချုပ်မဟုတ်သေးဘူးလို့ မျှော်လင့်ပါတယ်’ ဟု ပြောဆိုခဲ့သည်။
ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း