ANP မှ ထုတ်ပယ်ခံရသူများ ဦးဆောင်ပြီး ရခိုင်ပါတီသစ် ထူထောင်မည်

ANP မှ ထုတ်ပယ်ခံရသူများ ဦးဆောင်ပြီး ရခိုင်ပါတီသစ် ထူထောင်မည်

စစ်တွေ၊ အောက်တိုဘာ ၉ ရက် ။           ။ ရခိုင်အမျိုးသားပါတီ ANP မှ ထုတ်ပယ်ခံခဲ့ရသော နိုင်ငံရေးသမားများမှ ဦးဆောင်ပြီး ပါတီသစ်တရပ်ကို ထူထောင်နိုင်ရန် ကျောက်တော်မြို့နယ်တွင်   ပြုလုပ်ခဲ့သည့် ရခိုင်ပြည်နိုင်ငံရေး ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည်။

အစည်းအဝေးကို အောက်တိုဘာ ၈ ရက်နေ့မှ ၉ ရက်နေ့ထိ ကျောက်တော်မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ANP မှ ထုတ်ပယ်ခံခဲ့ရသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ တက်ကြွသည့် နိုင်ငံရေးသမားများ၊ အရပ်ဖက်အဖွဲ့အစည်း ခေါင်းဆောင်များ စုစုပေါင်း ၂၀၀ ခန့်က တက်ရောက်ခဲ့သည်။

 “ လွှတ်တော်ကိုယ်စားလှယ်နေရာ ရရှိဖို့ထက် အမျိုးသားအကျိုးစီးပွားကို အမှန်တကယ်ဖော်ဆောင်နိုင်မယ့် ပါတီတရပ် ရခိုင်ပြည်နယ်မှာ လိုအပ်နေပါတယ်။” ဟု ဦးဆောင်ကော်မတီဝင် ဦးမျိုးကျော်က ပြောသည်။

ပါတီသစ်ဖွဲ့စည်းရန် ရခိုင်ပြည်နယ် မြို့နယ် (၁၅) ခုမှ ကိုယ်စားပြု (၁၁) ဦး ပါဝင်သည့် ဦးဆောင်ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့သည်။

 “ပါတီသစ်က ALD အဖွဲ့ဝင်ဟောင်းတွေကို အခြေခံတာတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ALD က လူတွေက လက်ရှိ နိုင်ငံရေးထဲမှာ ပါနေသူတွေက ထပ်ပါသွားမယ်။ ပြီးရင် အရပ်ဖက်အဖွဲ့အစည်းခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေလည်း ပါဝင်သွားမှာပါ။” ဟု ဦးမျိုးကျော်က ပြောသည်။

အမျိုးသားလွှတ်တော် ဒု ဥက္ကဌ အဖြစ် တာဝန်ယူထားသည့် ရခိုင်အမျိုးသားပါတီ၏ လက်ရှိ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအေးသာအောင်မှာ ယခင်က ALD ၏ ဥက္ကဌ တစ်ဦးဖြစ်ခဲ့သလို ယခု ပါတီသစ်နှင့် ပတ်သက်၍ ဆောင်ရွက်နေမှု အခြေအနေများကို လာမည့် အောက်တိုဘာ ၁၅ ရက်နေ့တွင် ကျင်းပမည့် UNA အစည်းအဝေးတွင် ထပ်မံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဦးဆောင်ကော်မတီမှ သိရသည်။

ပါတီသစ်ဖွဲ့စည်းမည့် ကြေညာချက်တွင် ရခိုင်ပြည်နယ်လုံခြုံရေး ကိစ္စရပ်များအပေါ် ပြည်ထောင်စု အစိုးရ၏ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြပါရှိပြီး ယခု ဦးဆောင် ကော်မတီအနေနှင့် မကြာခင်ကမှ ဖွဲ့စည်းခဲ့သည့် မစ္စတာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် အရေး အကြံပေးကော်မရှင်ကို လိုလားထောက်ခံကြောင်း  ဦးမျိုးကျော်က ပြောသည်။

“နိုင်ငံခြားကလာတယ်ဆိုတိုင်း ဆန္ဒပြဖို့ ဆန္ဒစောနေလို့ မရပါဘူး။ ကျနော်တို့မှာ လေ့လာစောင့်ကြည့်မှုတွေ လုပ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒါမှမဟုတ်ရင် ရခိုင်အမျိုးသားတွေရဲ့ ပုံရိပ်ကို များစွာ ထိခိုက်လာပါတယ်။ ကော်မရှင်ကို ကျနော်တို့လိုလားပါတယ်။ ပြည်ထောင်စု အစိုးရ ရပ်တည်ချက်အတိုင်းလည်း သဘောထားတူပါတယ်။”

ကော်မတီခေါင်းဆောင်များအဖြစ် ထင်ရှားသည့် ALD ခေါင်းဆောင်ဟောင်းများဖြစ်သည့် ဦးကျော်မြင့်၊ ဦးမျိုးကျော်၊ ဦးလှမြင့်၊ ဦးမျိုးဆွေ၊ ဦးထွန်းရွှေသိန်း၊ ဦးသန်းနိုင်မြင့်၊ ဦးလူလူချေ၊ ဒေါ်မြမေ၊   ဒေါ်နှင်းယုရွှေ၊ ဒေါ်စိုးစိုးဌေးနှင့် ဦးသောင်းဌေးတို့က တာဝန်ယူထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly