လော့်စအိန်ဂျလိစ် ၊ အောက်တိုဘာ ၈ ။ ။ အမေရိကန် အဆိုတော် ဘရူနိုမက်စ်သည် နိုဝင်ဘာ ၁၈ရက်တွင် ထွက်ရှိမည့် “ 24K Magic” တေးသီချင်း အယ်လ်ဘမ်သစ် မှ “ 24K Magic”ဟု အမည်ပေးထားသော တေးသီချင်းကို အောက်တိုဘာ ၇ရက်က ထုတ်လွှင့်ပေးခဲ့သည်။
၂၀၁၂ ခုနှစ်က “Unorthodox Jukebox” တေးသီချင်းအယ်လ်ဘမ် ထွက်ရှိပြီး နောက်ပိုင်း “ 24K Magic” ဟု အမည်ပေးထားသော တေးသီချင်းအယ်လ်ဘမ်သည် မက်စ်၏ တတိယမြောက် တေးသီချင်း အယ်လ်ဘမ်ဖြစ်သည်။
“ 24K Magic” တေးသီချင်းကို ဒေါင်းလုတ်ပြုလုပ်နိုင်မည် ဖြစ်ကြောင်း မက်စ်က ယခုသီတင်းပတ် အစောပိုင်းက အင်စတာဂရမ်တွင် ကြေညာခဲ့သည်။
အဆိုပါ တေးသီချင်းသည် ပျော်ရွှင်ဖွယ်ဘဝကို မီးမောင်းထိုးပြထားပြီး မက်စ် နှင့် အနုပညာအဖွဲ့သားများ လက်စ်ဗီးဂက်စ်မြို့တွင် ပါတီပွဲ ပြုလုပ်ပုံများကို တွေ့မြင်ရမည် ဖြစ်သည်။ ဘရူနိုမက်စ်သည် အောက်တိုဘာ ၁၅ ရက် Saturday Night Live အစီစဉ်တွင် တေးသီချင်းသစ်ကို ဖျော်ဖြေ ပေးသွားမည်ဖြစ်သည်။