အောက်တိုဘာ ၆၊ ရန်ကုန်။ ။ မြန်မာနိုင်ငံရဲ့ ပထမဆုံး Orchestra (သံစုံတီးဝိုင်း)တီးခတ်မှု နှင့်အတူ နာမည်ကြီး အမျိုးသမီး တေးသံရှင် လေးဦးတို့ရဲ့ ဖျော်ဖြေပွဲကို နိုဝင်ဘာလမှာ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။
Queens Concert လို့ အမည်ပေးထားတဲ့ အဆိုပါ ရှိုးပွဲမှာ နာမည်ကျော် အမျိူးသမီး တေးသံရှင်များ ဖြစ်ကြတဲ့ မေခလာ၊ ထွန်းအိန္ဒြာဗို၊ ဖြူဖြူကျော်သိန်းနဲ့ ချန်းချန်းတို့က တေးသီချင်းပေါင်း သုံးဆယ်ကျော်ကို Orchestra ဗားရှင်းနဲ့သီဆို ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။
ရှိုးပွဲမှာ ပါဝင်သီဆိုမယ့် တေးသံရှင် ဖြူဖြူကျော်သိန်းက “ မြန်မာပြည်မှာ ပထမဆုံး တစ်ပွဲလုံးကို Orchestra နဲ့ချည်း ဖျော်ဖြေမှာပါ။ ဖြူဖြူတို့ သီချင်း အပုဒ် သုံးဆယ်ကျော်ကို Orchestra ဗားရှင်းနဲ့ ခွဲပြီး ဆိုရမယ်။ တစ်ယောက် ဘယ်နှစ်ပုဒ်ရယ်လို့ မဟုတ်ဘဲ တစ်ယောက်ချင်းစီလည်း ရမယ်။ နှစ်ယောက်တွဲ သုံးယောက်တွဲ လေးယောက်လုံးလည်း ဆိုရမယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ အဆိုပါပွဲနှင့် ပတ်သက်ပြီး Billboard အတွက် ဓာတ်ပုံရိုက်ကူးခြင်းများ စတင်လုပ်ဆောင်နေပြီး အောက်တိုဘာလ တတိယအပတ်လောက်အတွင်းမှာ အဆိုတော်တွေအားလုံး သီချင်းတိုက်ဖို့ ရှိကြောင်း ဖြူဖြူကျော်သိန်းက ပြောပါတယ်။
အဆိုပါ ပွဲနေ့မှာ ဖျော်ဖြေမယ့် ဝတ်စုံဒီဇိုင်းတွေကိုလည်း သီးသန့် ဒီဇိုင်နာနဲ့ အပ်ကာ ထူးခြားတဲ့ ဝတ်စုံပုံစံတွေနဲ့ ပါဖောမန့်များကို တင်ဆက်သွားရန်ရှိကြောင်းလည်း သိရပါတယ်။
အမျိုးသမီးတေးသံရှင် လေးဦးနှင့် Orchesrta ပူးပေါင်းဖျော်ဖြေပွဲ Queens Concert ကို နိုဝင်ဘာ ၄ ရက်မှာ အမျိုးသားဇာတ်ရုံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။