အောက်တိုဘာ ၄၊ စပိန် ။ ။ ရီးယဲလ်အသင်း၏ ကမ္ဘာကျော် တိုက်စစ်မှူး စီရော်နယ်ဒိုသည် လက်ရှိတွင် အသက် ၃၁ နှစ်ရှိနေပြီဖြစ်သော်လည်း ထိပ်တန်းအဆင့်တွင် နောက်ထပ် ၁၀ နှစ်ခန့်ဆက်ကစားရန် ရည်မှန်းလျက်ရှိသည်။
စီရော်နယ်ဒိုသည် သူ၏ဘောလုံးသမားဘဝကို အင်္ဂလန်နှင့်စပိန်နိုင်ငံတို့တွင် ဖြတ်သန်းပြီး ကြီးကျယ်ခမ်းနားသည့် အောင်မြင်မှုများကို ရယူနိုင်ခဲ့သူဖြစ်သည်။
မန်ယူအသင်းအတွက် ၂၉၁ ပွဲ ကစားပေးခဲ့ပြီး ၁၁၈ ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်ဖလားလေးလုံး၊ ချန်ပီယံလိဂ် ဖလားတစ်လုံးရယူပေးခဲ့သည်။ ရီးယဲလ်အသင်း အတွက်လည်း ၃၅၄ ပွဲတွင် ၃၆၇ ဂိုးသွင်းကာ လာလီဂါဖလား တစ်လုံးနှင့် ချန်ပီယံလိဂ် ဖလားနှစ်လုံး ရရှိခဲ့သည်။ ပြီးခဲ့သည့် ယူရိုပြိုင်ပွဲတွင်လည်း ပေါ်တူဂီနှင့်အတူ ယူရိုဖလားကြီးကို ရယူနိုင်ခဲ့သည်။
‘ဘောလုံးဆိုတာ ဘဝကြီးတစ်ခုလုံး မဟုတ်ပါဘူး။ ဒါပေမဲ့ ဘောလုံးဆိုတာ ကျွန်တော့်အတွက် ခမ်းနားသိုက်မြိုက်တဲ့ စိတ်ခံစားမှု တစ်ခုပါပဲ။ အနာဂတ်အတွက် ကျွန်တော်စပြီး စဉ်းစားနေပါပြီ။ ကျွန်တော့်မှာ အချိန်အများကြီး မကျန်တော့ပါဘူး။ ၁၀ နှစ် ဒါမှမဟုတ် ဒီ့ထက်လည်း နည်းနိုင်ပါတယ်။ ဒါကြောင့် အနာဂတ်ကို ကြည့်ရတာပါ’ ဟု စီရော်နယ်ဒိုက ပြောဆိုခဲ့သည်။
ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း