မနီလာ၊ စက်တင်ဘာ ၂၇ ။ ။ အမေရိကန်နှင့် ဆက်ဆံရေးတင်းမာမှုဆီ ဦးတည်နေခြင်းကြောင့် တရုတ်နှင့် ရုရှတို့နှင့် ပိုမိုပူးပေါင်းသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဒူတာတေးက စက်တင်ဘာ ၂၆ ရက်က ပြောသည်။
အယူအဆရေးရာ အတားအဆီးများကြောင့် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် တရုတ်၊ ရုရှတို့ဖက် မျက်နှာမူပြီး ကုန်သွယ်ရေးနှင့် စီးပွားရေးမဟာမိတ်အဖြစ် ဖော်ဆောင်ကာ ဖိလစ်ပိုင်နိုင်ငံရှိ လုပ်ငန်း ကဏ္ဍာတိုင်း အတွက် တံခါးဖွင့်ပေးထားမည်ဟု ကတိပေးကြောင်း ဒူတာတေးက ပြောသည်။
“တရုတ်၊ ရုရှ၊ လာပါ။ ဆယ်သွယ်ရေးကဏ္ဍ၊ လေကြောင်းလိုင်း၊ အားလုံး အားလုံးကို တံခါးဖွင့်ထားပါတယ်။”ဟု ဖိလစ်ပိုင်ခေါင်းဆောင် ဒူတာတေးက ဆိုသည်။
ရုရှအကူအညီရရေးအတွက် ဒူတာတေးက ရုရှဝန်ကြီးချုပ် မက်ဗီဒက်နှင့် တွေ့ဆုံထားသကဲ့သို့ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်ချိန်တွင် သမ္မတရှီကျင့်ဖျင်နှင့်လည်း တွေ့ဆုံဆွေးနွေး မည်ဖြစ်ကြောင်း ပြောသည်။
ဒူတာတေး၏ နှုတ်အပြောများကြောင့် ဖိလစ်ပိုင်၏ ရေရှည်မဟာမိတ်နိုင်ငံဖြစ်ခဲ့သည့် အမေရိကန်နှင့် ဆက်ဆံရေးက အကဲစမ်းလျက်ရှိစဉ် ယခုကဲ့သို့ ဒူတာတေးက ပြောလာခဲ့ခြင်းလည်းဖြစ်သည်။
ဖိလစ်ပိုင်အစိုးရ၏ မူးယစ်ဆေးဝါးနှိမ်နှင်းမှုအရ သတ်ဖြတ်ခြင်းများကို ရာဇဝတ်မှုမြောက်သည်ဟု အမေရိကန်သမ္မတ အိုဘားမားက ပြောဆိုပြီးနောက်ပိုင်း ဒူတာတေးသည် မိန့်ခွန်းများပြောရာ၌ အမေရိကန်ကို လူသိရှင်ကြား ရှုတ်ချပြောဆိုလာခြင်းဖြစ်သည်။