စစ်တွေ၊ စက်တင်ဘာ ၈ ရက်။ ။ ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်ခဲ့သည့် UWSP ကိုယ်စားလှယ်များ တန်းတူရည်တူ ဆက်ဆံခြင်း မခံရခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA နှင့် မဟာမိတ်များဖြစ်သည့် မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ MNTJP/MNDAA ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တို့က ရှုတ်ချကြောင်း ကြေညာချက်တစ်စောင်ကို ယနေ့ စက်တင်ဘာလ ၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။
ကြေညာချက်တွင် ၂၁ ပင်လုံညီလာခံတွင် UWSP ကိုယ်စားလှယ်များအား တန်းတူ မဆက်ဆံခြင်းသည် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည်ဟု သံသယဖြစ်ကြောင်း စွပ်စွဲထားပြီး UWSP ၏ မူဝါဒများမှ ပင်လုံစိတ်ဓာတ်ကို ကျင့်သုံးဆောင်ရွက်နိုင်ရန် အကောင်အထည်ဖော်ရန် မူတို့ကို မြောက်ပိုင်း မဟာမိတ် (၃) ဖွဲ့မှ ကြိုဆိုထောက်ခံကြောင်း ဖော်ပြထားသည်။
UWSP ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်သည့် တင်ပြချက်များ၊ နိုင်ငံတော်ဖွဲ့စည်းပုံစနစ်၊ ပြည်ထောင်စု သမ္မတတာဝန်များကို ထမ်းဆောင်ရန် လိုအပ်သောအရည်အချင်း၊ လွှတ်တော်အတွင်း လွှတ်တော် အမတ်များ နေရာခွဲဝေမှု၊ ပြည်ထောင်စု တပ်မတော်ကို အစိုးရအုပ်ချူပ်မှုတွင် ထားရှိရေးနှင့် တိုင်းရင်းသား တန်းတူညီမျှရေးမူဝါဒ၊ တိုင်းရင်းသား ပြည်သူတို့၏ ရပိုင်ခွင့်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားဒေသအသီးသီးရှိ လက်နက်ကိုင်တပ်ဖွဲ့ကိစ္စနှင့် အခြား အထွေထွေ မူဝါဒများအပြင် အသေးစိတ်တောင်းဆိုချက်များအား အားပေးထောက်ခံ ရပ်တည်ကြောင်း မြောက်ပိုင်း မဟာမိတ် (၃) ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။