ဘန်ကောက်၊ သြဂုတ် ၂၃ ။ ။ လာမည့်နှစ်အတွင်း ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များအနေဖြင့် ပါတီတစ်ခုခုအား ပြတ်ပြတ်သားသား မရွေးချယ်နိုင်သဖြင့် ဝန်ကြီးချုပ် တစ်ဦးဦးကို မတင်မြှောက်နိုင်ပါက လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၏ အစိုးရက နောက်ထပ်နှစ်နှစ် ဆက်လက်အုပ်ချုပ်သွားမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးကော်မရှင်ဥက္ကဌမီချိုင်းရူချူ ပန်က ပြောကြားသည်။
“အစိုးရသစ်ဖွဲ့စည်းပြီးသည်အထိ ပရာယွတ်ချန်အိုချာရဲ့ အစိုးရ ဆက်လက်အုပ်ချုပ်နိုင်ပါတယ်။ လွှတ်တော်ပထမပိုင်းမှာ ဝန်ကြီးချုပ်တင်မြှောက်ဖို့ သဘောတူညီချက်မရဘဘူးဆိုရင် လက်ရှိအစိုးရပဲ ဆက်ပြီး အုပ်ချုပ်မှာပါ” ဟု မီချိုင်းက ပြောကြားသည်။
အစိုးရသစ်၏ သက်တမ်းသည် ရွေးကောက်ပွဲနေ့တွင် စတင်မည်ဖြစ်သည်။ “ရွေးကောက်ပွဲပြီး နှစ်နှစ်အကြာမှ အစိုးရကိုဖွဲ့နိုင်ရင်လည်း အစိုးရသစ်ဟာ ကျန်တဲ့သက်တမ်းနှစ်နှစ်ပဲ ဆက်အုပ်ချုပ်ခွင့်ရတော့မှာပါ” ဟု ၎င်းက ပြောသည်။
ထို့ကြောင့် နိုင်ငံရေးသမားများအနေဖြင့် ဝန်ကြီးချုပ်ခန့်အပ်ရေး သဘောတူညီချက်ကို အမြန်ဆုံးဆောင်ရွက်ရန် မီချိုင်းက ပြောကြားသည်။