သြဂုတ် ၁၇ ။ ။ ပါကစ္စတန်နိုင်ငံ မြောက်ပိုင်းတွင် သြဂုတ် ၁၆ ရက်က မြစ်ကမ်းစပ်နံဘေး၌ ဆယ်လ်ဖီရိုက်နေရင်း ရေထဲပြုတ်ကျသွားသော အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦးအား မိဘများက ဆင်းကယ်ခဲ့ကြသော်လည်း မအောင်မြင်ဘဲ သုံးဦးစလုံး ရေနစ်သေဆုံးသွားခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။
အဆိုပါ ဖြစ်စဉ်သည် အစ္စလမ်မာဘတ်မြို့ မြောက်ဘက် ကီလိုမီတာ ၂၀၀ အကွာ နာမည်ကျော်ခရီးသွားကျေးရွာဖြစ်သော ဘီဆီယန်ရွာအနီး ခွန်ဟာမြစ်ထဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါမြစ်မှာ ရေနက်သည့်အပြင် ရေစီးမြန်သည့် မြစ်ဖြစ်သော်လည်း အပျော်တမ်းဖောင်စီးနိုင်သော ခရီးသွားနေရာတစ်ခုဖြစ်သည်ဟု သိရသည်။
" ကလေးမလေးနာမည်က ဆာဖီယာ အာတစ်ဖ်လို့ ခေါ်ပါတယ်၊ သူက ကမ်းနားမှာ ဆယ်လ်ဖီ ရိုက်နေတယ်ပေါ့ဗျာ၊ အမျိုးမျိုး ပို့စ်ပေးရင်းနဲ့ ချော်ပြီးတော့ ရေထဲကျသွားတာပါ၊ သူကျသွားတာမြင်တော့ မအေလုပ်တဲ့သူက အရင်ဆင်းကယ်တယ်၊ ဒါပေမယ့် သူပါရောပြီးနစ်သွားတယ်၊ နောက်တော့ အဖေဖြစ်သူကပါ ဆင်းကယ်သေးပေမယ့် သူလည်း ကံမကောင်းခဲ့ပါဘူး" ဟု ရဲတပ်ဖွဲ့မှ ရဲအရာရှိ အာရှက်ဒ် ခန်က ပြောသည်။
အဆိုပါဖြစ်စဉ်အစအဆုံးကို အခင်းဖြစ်ပွားချိန်က အနီးအနားရှိ ခရီးသွားဧည့်သည်များက မြင်တွေ့ခဲ့ရကြောင်းနှင့် ၎င်းတို့၏အသေးစိတ်ပြောပြချက်အရ ယခုကဲ့သို့သိရှိရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ယခုအခါတွင်လည်း အမေဖြစ်သူနှင့်သမီးတို့၏ အလောင်းများကို ဆယ်ယူရရှိထားပြီးဖြစ်သော်လည်း ဖခင်ဖြစ်သူ၏ အလောင်းကိုတော့ ရှာမတွေ့သေးကြောင်း ၎င်းက ပြောကြားသွားသည်။
သေဆုံးသွားသည့် မိန်းကလေး၏ မိဘနှစ်ပါးစလုံးမှာ ပန်ဂျပ်ပြည်နယ်မှ ဆရာဝန်များဖြစ်ကြပြီး ယင်းနေ့က မိသားစု အားလပ်ရက် အလည်ခရီးထွက်လာခြင်းဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ပွားချိန်တွင် ၎င်းတို့ သားမိသားဖ သုံးဦးသေဆုံးသွားခဲ့သော်လည်း ယင်းနေရာတွင်ပင် အသက် ၉ နှစ်ရှိ သမီးတစ်ဦးနှင့် ခြောက်နှစ်အရွယ် သားတစ်ဦးတို့ ကျန်ရှိနေခဲ့ကြောင်း သိရသည်။