သြဂုတ် ၁၅ ။ ။ ပါကစ္စတန်တို့ ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသတွင် သြဂုတ်လ ၁၄ ရက်က မင်္ဂလာဆောင်သွားသူများ လိုက်ပါ စီးနင်းလာသော ဘတ်စ်ကားတစ်စီး ချောက်ထဲကျ၍ လူ ၁၈ ဦးထက် မနည်းသေဆုံးသွားကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဖြစ်စဉ်ကြောင့် အခြားလူပေါင်းများစွာလည်း အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
အဆိုပါ ဘတ်စ်ကားဖြင့် စုစုပေါင်း လူပေါင်း ၅၀ အထိ စီးနင်းလိုက်ပါလာခဲ့ပြီး ကားသည် Palandri မြို့မှ Hajeera သို့ ထွက်ခွာမောင်းနှင်လာခဲ့စဉ် Muzaffarabad အရပ်တွင် ယခု ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခု ယာဉ်တိမ်းမှောက်မှုကြောင့် လူပေါင်း ၁၈ ဦးသေဆုံးခဲ့ရပြီး အခြား အယောက် ၃၀ ကျော်မှာလည်း ထိခိုက်ဒဏ်ရာများရရှိသွားကာ မတန်မဆ တင်ဆောင်လာခြင်းနှင့် ယာဉ်မောင်း၏ မဆင်မခြင် မောင်းနှင်မှုတို့ကြောင့် ယခုကဲ့သို့ မတော်တဆမှုဖြစ်ပွားရခြင်းဖြစ်ကြောင်း ပါကစ္စတန် ရဲတပ်ဖွဲ့က ကောက်ချက်ချထားသည်။
ဒဏ်ရာရသူတစ်ချို့၏ အခြေအနေမှာလည်း စိုးရိမ်စရာသို့ရောက် ရှိနေသဖြင့် သေဆုံးသူဦးရေ မြင့်တက်လာနိုင်သေးကြောင်း ဒေသအာဏာပိုင်များက ပြောထားသည်။