သြဂုတ် ၁ ။ ။ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင် ဇူလိုင်လ ၃၀ ရက်က မိုးပျံပူဖောင်းတစ်လုံး ပျက်ကျခဲ့ပြီး လိုက်ပါစီးနင်းလာသူ ၁၆ ဦးသေဆုံးခဲ့ရသည့်ဖြစ်စဉ်အပေါ် ယခုအခါ အမျိုးသားသယ်ယူပို့ဆောင်ရေးဆိုင်ရာ လုံခြုံရေးဘုတ်အဖွဲ့က ဦးဆောင်ပြီး စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေခဲ့သည်။
ယင်းဖြစ်ရပ်မှာ သမိုင်းတစ်လျှောက် လူအသေအပျောက်အများဆုံးနှင့် အဆိုးရွားဆုံးသော မိုးပျံပူဖောင်းပျက်ကျမှုတစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်ဟု အာဏာပိုင်များက အတည်ပြုသွားခဲ့ပြီး မတော်တဆမှုဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို ရှာဖွေနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
အဖြစ်အပျက်ကို တွေ့မြင်ရိုက်ကူးထားနိုင်မည့် ဖုန်းဗီဒီယိုမှတ်တမ်းများရှိပါကလည်း ပေးပို့ရန် အာဏာပိုင်များက တောင်းဆိုထားသည်။ ကနဦး စုံစမ်းစစ်ဆေးမှုများအရ မိုးပျံ ပူဖောင်း ပျက်ကျရခြင်း၏ အဖြစ်နိုင်ဆုံးအကြောင်းရင်းတစ်ခုအဖြစ် ဓါတ်အားလိုင်းတစ်ခုနှင့် ငြိကာ ပျက်ကျရသည်ဟု စုံစမ်းစစ်ဆေးရေးအရာရှိများက ကောက်ချက်ချထားသည်။
လက်ရှိအချိန်ထိ အဆိုပါမိုးပျံပူဖောင်း ပျံသန်းမှုကို လုပ်ကိုင်နေသည့် ကုမ္ပဏီအမည်နှင့် သေဆုံးသွားသူများ၏ အမည်များကို အာဏာပိုင်များက အတည်ပြုထားနိုင်ခြင်းမရှိသေးပေ။ သို့သော် CNN သတင်းဌာနနှင့် ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်များအရ ယင်းမိုးပျံပူဖောင်းကို ထိန်းသိမ်းမောင်းနှင်သူမှာ Heart of Texas Hot Air Balloon Rides လုပ်ငန်း၏ ပိုင်ရှင်ဖြစ်သူ အဲဖရက်ဒ် စကစ်ပ် နီကိုးလ်စ် ဆိုသူဖြစ်ကြောင်း သိရသည်။
အဆိုပါ မိုးပျံပူဖောင်းသည် အော်စတင်မြို့တောင်ဘက် ကီလိုမီတာ ၅၀ အကွာ လော့ဟတ် မြို့ အပြင်ဘက်တွင် မီးလောင်ကျွမ်းပြီး ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ဗဟိုလေကြောင်းအာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည်။ လိုက်ပါလာသူ ၁၆ ဦးစလုံး သေဆုံးသွားသည်ဟုလည်း အတည်ပြုထားသည်။
" ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ဒီဖြစ်စဉ်ကို ဒီတစ်ပတ်ထဲမှာပဲ အပြီးဖြေရှင်းနိုင်ရမယ်လို့တော့မရှိပါဘူး၊ ဒီ ဖြစ်စဉ် ဘာကြောင့်ဖြစ်သလဲဆိုတာကို အထောက်အထားတွေ ရှာသွားမှာပါ၊ ဒါမှလည်း နောက်ထပ် ဒီလိုဖြစ်ရပ်မျိုး မဖြစ်အောင် ကာကွယ်နိုင်မှာပါ" ဟု အမျိုးသားသယ်ယူပို့ဆောင်ရေးဆိုင်ရာ လုံခြုံရေးဘုတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ရောဘတ် ဆွန်ဝေါ့တ်က ပြောသွား သည်။