နေပြည်တော်(ဇူလိုင် ၂၇၊ ၂၀၁၆ခုနှစ်)။ ။ အစိုးရအနေဖြင့် ကျေးလက်ဒေသကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များကို ဦးစားပေးလုပ်ဆောင်ရန် လိုအပ်နေပြီဟု လားရှိုးမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်ဖြစ်သူ ဒေါက်တာစိုင်းမောက်ခမ်းက တိုက်တွန်းပြောဆိုလိုက်သည်။
"မြန်မာနိုင်ငံရဲ့လူဦးရေအများစုဟာ ကျေးလက်နေပြည်သူများဖြစ်တာနဲ့အညီ ကျေးလက်ဒေသ ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း ဦးစားပေးလုပ်ပေးဖို့ လိုအပ်နေပါပြီ" ဟု ဒုတိယသမ္မတဟောင်းလည်းဖြစ်သူ ဒေါက်တာစိုင်းမောက်ခမ်းက ဇူလိုင် ၂၇ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောသည်။
ရွှေဘိုမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာအေဇင်လတ်၏ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များကို ပြည်သူလူထုအားထိုရောက်လုံလောက်စွာပေးနိုင်ရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းသင့်ကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို" အား ထောက်ခံဆွေးနွေးစဉ် ဒေါက်တာစိုင်းမောက်ခမ်းက ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။
"တစ်နိုင်ငံလုံးမှာရှိတဲ့ကျေးရွာတိုင်းမှာ အရည်အချင်းပြည့် လူထုအခြေပြု ကျန်းမာရေးဝန်ထမ်းအနည်းဆုံး တစ်ရွာ ၁ဦးနှုန်းရရှိအောင် ဆောင်ရွက်ပေးသင့်တာ ကြာနေပါပြီ။ " ဟုလည်း ဒေါက်တာစိုင်းမောက်ခမ်းက လွှတ်တော်တွင် ဆိုသည်။
အထက်ပါအတိုင်းပြောဆိုခဲ့သူ ဒေါက်တာစိုင်းမောက်ခမ်းသည် ပြီးခဲ့သည့် အစိုးရလက်ထက် ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ်က အမျိုးသားကျန်းမာရေးကော်မတီ၏ ဥက္ကဌအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ဆရာဝန်ဦးရေလိုအပ်ချက်လည်း အလွန်ကြီးမားနေကြောင်း ၎င်းက ဆိုသည်။
"မြန်မာနိုင်ငံရဲ့လူဦးရေ ၅၁သန်းအတွက် အစိုးရဆရာဝန်နဲ့ ပုဂ္ဂလိကဆရာဝန်ပေါင်းလိုက်ရင်တောင်မှ ဆရာဝန်တစ်ဦးဟာ လူပေါင်း ၄၀၀၀ခန့်ကို စောင့်ရှောက်မှုပေးနေရဆဲဖြစ်သလို အထူးကုဆရာဝန်များရဲ့ လိုအပ်ချက်လည်း ကြီးမားနေဆဲဖြစ်ပါတယ်" ဟု ဒေါက်တာစိုင်းမောက်ခမ်းက ပြောသည်။
လက်ရှိတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ လိုအပ်ချက်များစွာရှိနေပြီး ခွင့်ပြုထားသည့် ဝန်ထမ်းအရေအတွက် ၅၈၅၅၄ ဦးအနက် ၄၀ရာခိုင်နှုန်းကိုသာ ခန့်ထားဆောင်ရွက်နေရကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လွှတ်တော်တွင် ရှင်းပြသည်။ သို့သော် အရည်အသွေးပြည့်မီသော ဝန်ထမ်းများမရှိပါက ခန့်အပ်နိုင်မဟုတ်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆိုသည်။
ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ကျေးလက်နဲ့ မြို့ပြတွင် အလွန်ကွာခြားလျက်ရှိကြောင်း လွှတ်တော်အမတ်များက ထောက်ပြကြသည်။
“အဓိကကတော့ ကျေးလက်ဒေသနဲ့ မြို့ပေါ်နဲ့ဟာ ကျန်းမာရေးစောင့်ရှောက်မှုအတော်ကွာတာကို တွေ့ရတယ်။ စစ်တမ်းအရဆိုရင် ကျွမ်းကျင်သူနဲ့မီးဖွားတဲ့ ရာခိုင်နှုန်းကလည်း ကျေးလက်မှာဆိုရင် ၅၀ရာခိုင် နှုန်းလောက်ပဲရှိတယ်။ နောက်တစ်ခုက လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အခါကျတော့ မြို့ပေါ်ကိုသွားရတာကို က ခက်ခဲတယ်။ ဒါကြောင့်ပညာပေးမှုနဲ့ ကြိုတင်ကာကွယ်မှုအပိုင်းတွေ ပိုလုပ်ဖို့လိုပါတယ်။ အဲ့ဒီလိုလုပ်မယ်ဆိုရင် မြို့ဆေးရုံကြီးတွေမှာ လူနာတွေပုံနေတာလည်း အထိုက်အလျောက် လျော့သွားမှာဖြစ်ပါတယ်” ဟု ဦးမြင့်ဦးက ပြောသည်။
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေကလည်း ကျေးလက်ဒေသအများအပြားတွင် ကျေးရွာတစ်ရွာလျှင် သားဖွားဆရာမတစ်ဦးပင်မရှိကြောင်း ပြောဆိုသည်။