ဇူလိုင် ၂၂၊ ဘာစီလိုနာ။ ။ ဘာစီလိုနာအသင်းသည် ဗလင်စီယာအသင်းမှ ပေါ်တူဂီကွင်းလယ်ကစားသမား အန်ဒရေ ဂိုမက်စ်ကို ပေါင် ၄၁ ဒသမ ၇ သန်းဖြင့်ခေါ်ယူရန် သဘောတူညီမှုရခဲ့သည်။
အသက် ၂၂ နှစ်အရွယ်ကစားသမားကို ဂျူဗင်တပ်အသင်းကလည်း ပေါ့ဂ်ဘာနေရာအစားထိုးရန် စိတ်ဝင်စားခဲ့ပြီး စုံစမ်းခဲ့သော် လည်း ဘာစီလိုနာအသင်းက အသာရသွားခဲ့ခြင်းဖြစ်သည်။
ကစားသမားဖြစ်သူမှာ လာမည့်တစ်ပတ်တွင်စာချုပ်ချုပ်ဆိုပြီး ဘာစီလိုနာအသင်းသားသစ်ဖြစ်လာလိမ့်မည်ဟု ဘာစီလိုနာအသင်း၏ တရားဝင်တွစ်တာအကောင့်တွင်ရေးထားသည်။
ယူရို ၂၀၁၆ ချန်ပီယံပေါ်တူဂီအသင်းသား၏အခြေအနေကို ရီးယဲလ်မက်ဒရစ်၊ မန်စီးတီးနှင့် အင်တာမီလန်တို့ကလည်း စောင့်ကြည့်ခဲ့ကြသေးသည်။
ဂိုမက်စ်သည် ဒန်းနစ်ဆွာရက်ဇ်၊ အွန်တီတီနှင့် ဒစ်နီတို့ပြီးနောက် ယခုနှစ်နွေရာသီတွင် ဘာစီလိုနာအသင်းခေါ်ယူသည့် စတုတ္ထမြောက်ကစားသမားဖြစ်လာခဲ့သည်။
ယင်းကွင်းလယ်ကစားသမားသည် ဘင်ဖီကာမှပြောင်းလာပြီးနောက် ဗလင်စီယာတွင် နှစ်ရာသီအတွင်း ၇၇ ပွဲကစားထားသည်။ ပေါ်တူဂီလက်ရွေးစင်အသင်းနှင့်လည်း နှစ်နှစ်အတွင်း ၁၃ ပွဲကစားခွင့်ရခဲ့သည်။
Ref; Daily Mail