ဇူလိုင် ၂၁ ။ ။ ရွှေနှင့်ငွေသား ကဲ့သို့ ထုံးတမ်းအစဉ်အလာလှူဒါန်းမှုများအပြင် စတော့ဈေးကွက်တွင် စာရင်းသွင်းထားသော ကုမ္မဏီများ၏ အစုရှယ်ယာများကိုလည်း လှူဒါန်းနိုင်ပြီဖြစ်ကြောင်း အိန္ဒိယရှိ ဟိန္ဒူဘရားကျောင်းတစ်ကျောင်းက ဇူလိုင် ၂၀ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ယခုအခါ အလှူရှင်များအနေဖြင့် မိမိတို့ ပိုင်ဆိုင်သည့် စတော့ရှယ်ယာများကို ဘုရားကျောင်းကဖွင့်ထားသည့် အကောင့်သို့ လွှဲပြောင်းလှူဒါန်းနိုင်ပြီဖြစ်ကြောင်း မွမ်ဘိုင်းမြို့မှ Siddhivinayak ဘုရားကျောင်းက ပြောကြားလိုက်သည်။ အဆိုပါဘုရားကျောင်းသို့ ပြီးခဲ့သည့် မေလက အက်ပဲလ် စီအီးအို တင်ကွတ် လာရောက်ခဲ့ဖူးသည်ဟု သိရသည်။
" ကမ္ဘာတစ်ဝန်းလုံးက အလှူရှင်တွေ ဒီလိုမျိုး စတော့ရှယ်ယာဝေစုလက်မှတ်တွေ လှူဒါန်းခွင့်ပေးထားပါပြီ၊ ဒီစတော့ရှယ်ယာတွေကို ကျွန်တော်တို့က ငွေသားအနေနဲ့ ပြန်လဲသွားမှာပါ၊ သိစေချင်တာက ဒီရှယ်ယာတွေကို ဈေးကွက်ထဲမှာ ရောင်းချချင်တဲ့ရည်ရွယ်ချက်တော့မရှိဘူးဆိုတာပါပဲ" ဟု ဘုရားကျောင်း တာဝန်ရှိသူတစ်ဦးဖြစ်သည့် နာရင်ဒရာ မူရာရီ ရာနီက ပြောသည်။
နိုင်ငံ၏ စီးပွားရေးမြို့တောင်ပိုင်းတွင် တည်ရှိသော အဆိုပါ ဘုရားကျောင်းမှ ရရှိနေလျက်ရှိသော လှူဒါန်းငွေပမာဏမှာတစ်နှစ်လျင် ရွှေ၊ငွေ၊ကြေး တန်ကြေး ရူပီး သန်း ၇၅၀ ခန့် ရှိနေသည်ဟု သိရသည်။
အဆိုပါ ကဲ့သို့ စတော့ရှယ်ယာများကို အလှူလက်ခံမှုတွင် မိမိတို့ဘုရားကျောင်းက ပထမဆုံးမဟုတ်ဘဲ ယမန်နှစ်က အန်ဒရာပရာဒက်ချ် ပြည်နယ်တောင်ပိုင်းရှိ ဘုရားကျောင်းတစ်ခုက စတင်လက်ခံခဲ့ခြင်းဖြစ်ကြောင်း ရာနီက ပြောကြားသွားသည်။