ကဘူးလ်၊ ဇူလိုင် ၁၀ ။ ။ အာဖဂန်နစ္စတန် လုံခြုံရေးတပ်များအား လေ့ကျင့်သင်ကြားပေးရေးနှင့် အကြံပေးရေးအတွက် ဗြိတိန်နိုင်ငံက နောက်တိုးတပ်ဖွဲ့ဝင်အင်အား ၅၀ အား စေလွှတ်မည်ဖြစ်သည်။
အဆိုပါတပ်အင်အားက အာဖဂန်တွင်း ရောက်ရှိပြီးအင်အား ၄၅၀ နှင့် ပူးပေါင်းကာ တန်ပြန်အကြမ်းဖက်ဖြိုခွင်းရေးနှင့် ခေါင်းဆောင်မှုပညာများအတွက် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။
နောက်တိုးတပ်အင်အားကို တာလီဘန်တို့အား တိုက်ခိုက်မှုတွင် အသုံးပြုမည်မဟုတ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
ဗြိတိန်တပ်များအနေဖြင့် ယခုနှစ်တွင် အာဖဂန်နိုင်ငံအတွင်းမှ ထွက်ခွာဖို့ရန်ဖြစ်သော်လည်း ၎င်းတို့၏ မစ်ရှင်က ၂၀၁၇ ခုနှစ်အထိ ဆက်ရှိသွားဦးဖွယ်ရှိသည်။
ဝါဆောက နေတိုးထိပ်သီးဆွေးနွေးပွဲ၌ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်းက "အာဖဂန်နိုင်ငံအတွင်း အကြမ်းဖက်သမားများအား ချေမှုန်းရေးတွင် နေတိုးအနေဖြင့် အာဖဂန်အစိုးရနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆက်လက်လုပ်ကိုင်သွားရန် အမှန်တကယ်လိုအပ်နေဆဲဖြစ်ကြောင်း" ကြေညာခဲ့သည်။
"ဗြိတိန်နိုင်ငံအနေနဲ့ အာဖဂန်တပ်တွေကို ပိုမိုလေ့ကျင့်ပေးသွားရမှာပဲဖြစ်တယ်။ အာဖဂန်လုံခြုံရေးတပ်တွေကို အထူးသဖြင့် လေတပ်အတွက် သင်ကြားလေ့ကျင့်ပေးရေးအတွက် နောက်ထပ်တပ်အင်အား ၅၀ ကို စေလွှတ်မှာဖြစ်တယ်။"ဟု ကမ်မရွန်းက ပြောခဲ့သည်။