မြိတ်၊ ဇွန်- ၁၇ ။ ။ အင်ဒိုနီးရှားနိုင်ငံတွင် လူကုန်ကူးခံရပြီး မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူထားခဲ့ရသည့် တနင်္သာရီတိုင်း အတွင်းမှ ရေလုပ်သားများကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ (၅၀၀)ကို နောက်ဆက်တွဲ ထောက်ပံ့ငွေအဖြစ်ပေးအပ်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူကုန်ကူးခံရသူ(၅၀၀)ခန့်ကို မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ယူခဲ့မှုတွင် တနင်္သာရီတိုင်းဒေသကြီးမှ ရေလုပ်သား (၆၉)ဦးပါဝင်ခဲ့သည်။ ယင်းတို့ကို ပြန်လည်ဆက်သွယ်ခေါ်ယူကာ ယခုကဲ့သို့ ထောက်ပံ့ငွေပေးအပ်ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆည်ရေးနှင့်ပြန်လည် နေရာ ချထားရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်ခင်စန်းရီက ဇွန် ၁၇ ရက်တွင်ပြောဆိုခဲ့သည်။
“ခုလိုမျိုး နောက်ဆက်တွဲထောက်ပံ့ငွေပေးတယ်ဆိုပေမယ့် ငွေသားကို ပေးတာမျိုးမဟုတ်ဘဲ သူတို့လုပ်ချင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းမျိုးကို ဒီငွေပမာဏနဲ့ညီမျှတဲ့ ပုံစံမျိုးဖြစ်အောင် ဆောင်ရွက်ပြီးလုပ်ပေးတာမျိုးပါ။ ဒါမှ အလုပ်အကိုင်အခက်အခဲဖြစ်နေရင်လည်း တတ်နိုင်သလောက်ဖြေရှင်းပြီးဖြစ်တာပေါ့” ဟု ၎င်းက ဆိုသည်။
ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးအတွက် လူကုန်ကူးခံရခြင်းမှ ပြန်လည်လွတ်မြောက်လာသူများနှင့် တွေ့ဆုံပွဲအဖြစ် မြိတ်မြို့ရှိ မြိတ်ဟိုတယ်တွင် ဇွန် ၁၆ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်အထိ ရေလုပ်သား (၃၀)ခန့်ကို ပြန်လည်ဆက်သွယ်ရရှိပြီးဖြစ်ကြောင်း၊ ထောက်ပံ့မှုအနေဖြင့် လူမှုဝန်ထမ်းကယ်ဆည်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် သြစတျေးလျနိုင်ငံအခြေစိုက် IMO (International Organitation For Migration) ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတို့ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြိတ်၊ ထားဝယ်၊ ကော့သောင်းဒေသများရှိ လူကုန်ကူးခံရသည့် ရေလုပ်သားများသည် ယခင်အစိုးရလက်ထက်တွင် အင်ဒိုနီးရှားနိုင်ငံ ဗာဂျီးနားကျွန်းမှ ပြန်လည်ခေါ်ယူထားရသူများဖြစ်ပြီး ရေလုပ်သား(၆၉)ဦးလုံးမှာ အဆိုပါ ကျွန်းတစ်ခုထဲက ပြန်လည်ခေါ်ယူထားရသူများဖြစ်သည်ဟုသိရသည်။