ရန်ကုန်၊ ဇွန် ၁၂ ။ ။ လူကုန်ကူးမှုနှင့် ပတ်သက်၍ သတင်းပေးတိုင်ကြားနိုင်သည့် Hot Line ဖုန်းနံပါတ်သို့ မေလအတွင်း ဖုန်းခေါ်ဆိုမှု ၇၄၃ ကြိမ်ရှိသော်လည်း လူကုန်ကူးမှုနှင့်ပတ်သက်သည့် ဖုန်းခေါ်ဆိုမှု ၂ မှုသာပါဝင်သည့်အတွက် လူကုန်ကူးမှုနှင့် သက်ဆိုင်သည့်ဖုန်းများခေါ်ဆိုချိန် ဖုန်းမအားပါက နှစ်နာမှုများ ပေါ်ပေါက်လာနိုင်သည့်အတွက် အခြားမသက်ဆိုင်သည့် ကိစ္စရပ်များကြောင့် ဖုန်းခေါ်ဆိုခြင်းမပြုရန် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။
လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ ဒုရဲမှူး မင်းနိုင်က “ဖုန်းခေါ်တဲ့အထဲမှာ ဆဲဆိုရိုင်းပြတဲ့ ဖုန်းခေါ်ဆိုမှုတွေနဲ့ နေ့လည်ဘက်ကို အမျိုးသမီးရဲမေတွေ ဖုန်းလက်ခံတာဆိုတော့ ရိသဲ့သဲ့ပြောတာ၊ မဖွယ်မရာ ပြောတာတွေရှိတယ်။ တစ်ကယ်အရေးကြီးတဲ့ ဖုန်းခေါ်တဲ့အချိန်မှာ ဖုန်းမအားလို့ တစ်ခုခုနစ်နာသွားမှာစိုးပါတယ်။ အဲ့တာကြောင့် ဒီလိုမေတ္တာရပ်ခံတာပါ”ဟုပြောသည်။
ဖုန်းခေါ်ဆိုမှုပေါင်း(၇၄၃)ကြိမ် မှာ လူကုန်ကူးမှုသတင်းပေးတိုင်ကြားမှု(၁)ကြိမ်၊ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ လိုင်စင်မရှိ၍ သတင်းပေးမှု(၁)ကြိမ်၊ လူပျောက်သတင်းပေးမှု (၄၅)ကြိမ်၊ ရန်ဖြစ်ခြင်း၊ ဆဲဆိုခြင်း တို့အတွက် သတင်းပေးမှု (၄၇)ကြိမ်၊ ဖုန်းမှားဆက်ခြင်း (၂ဝဝ)ကြိမ် MPTဖြင့် မှားယွင်း၍ ဖုန်းခေါ်ဆိုမှု
(၈၉)ကြိမ်၊ ဖုန်းခေါ်ပြီး ပြန်မပြောသည့် ဖုန်းခေါ်ဆိုမှု (၂၉၄)ကြိမ်နှင့် ဆဲဆိုခြင်း၊ ညစ်ညမ်းစွာပြောဆိုခြင်းစသည့် နှောင်ယှက်သည့် ဖုန်းခေါ်ဆိုမှု (၆၆)ကြိမ် ဖြစ်သည်ဟု လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က သိရသည်။
လူကုန်ကူးမှုနှင့် ပတ်သက်၍ သတင်းပေးတိုင်ကြားနိုင်သည့် Hot Line ဖုန်းနံပါတ်သို့ ဖုန်းခေါ်ဆို၍ ဆဲဆိုခြင်း၊ မဖွယ်မရာ ပြောဆိုခြင်းပြုလုပ်သည့် ဖုန်းနံပါတ်များကို မှတ်တမ်းထားရှိပြီး အရေးယူဆောင်ရွက်ရန် အစီအစဉ် မရှိသေးဟုလဲ ဒုရဲမှူး မင်းနိုင်က ပြောသည်။
လူကုန်ကူးမှုများနှင့်ပတ်သက်၍ သတင်းပေးတိုင်ကြားနိုင်သည့် Hot Line ဖုန်းနံပါတ်များမှာ ဝ၉ ၄၉ ၅၅၅ ၆၆၆၊ ဝ၉ ၄၉ ၅၅၅ ၇၇၇၊ ဝ၉ ၄၉ ၅၅၅ ၈၈၈ နှင့် ဝ၉ ၄၉ ၅၅၅ ၉၉၉ တို့ဖြစ်ပြီး Hot line ဖုန်း ထားရှိခြင်းကို ၂၀၀၇ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဖုန်းခေါ်ဆိုမှုပေါင်း(၇၄၃)ကြိမ် အနက် လူကုန်ကူးမှုနှင့်ပတ်သက်သည့် သတင်းပေးတိုင်ကြားမှု (၂)ကြိမ်ရှိရာ လူကုန်ကူးမှု (၁)မှုနှင့် ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ၂၆ (၁)မှု တို့ဖြင့် ဖော်ထုတ်အရေးယူနိုင်ခဲ့သည်။ လူပျောက်မှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာနယ်မြေရဲစခန်းများတွင် လူပျောက်မှု ဖွင့်လှစ်နိုင်ရေး လမ်းညွှန်ပေး နိုင်ခဲ့ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းများနှင့် ပူးပေါင်း၍ လူပျောက်မှု(၁ဝ)မှု ကို ပြန်လည်ရှာဖွေ ပေးနိုင်ခဲ့သည်။