ပါရီမြို့ရှိ Seine မြစ်ရေ စိုးရိမ်ရေမှတ် ရောက်လာခဲ့၍ သတိပေးချက်များ ထုတ်ပြန်

ပါရီမြို့ရှိ Seine မြစ်ရေ စိုးရိမ်ရေမှတ် ရောက်လာခဲ့၍ သတိပေးချက်များ ထုတ်ပြန်

ပါရီ၊ ဇွန် ၃ ။              ။ ပြင်သစ်နိုင်ငံရှိ ထင်ရှားသော မြစ်တစ်စင်းဖြစ်သော Seine မြစ်မှာ ယခုအခါ မိုးများရွာသွန်းထားမှုကြောင့် ဆယ်စုနှစ်သုံးစုအတွင်း ယင်း၏ အမြင့်ဆုံး ရေမှတ်သို့ ရောက်ရှိနေခဲ့၍ အာဏာပိုင်များက သတိပေးချက်များ ထုတ်ပြန်ထားရသည်။ မြစ်ရေတက်လာမှုကြောင့် ကမ်းပါးများကိုပါ တိုက်စားလာခဲ့ပြီဖြစ်ရာ ကမ်းနံဘေးတွင် တည်ရှိသော ကမ္ဘာ့အကြီးဆုံးပြတိုက် Louvre ၏ တံခါးများကိုလည်း ပိတ်ထားရပြီး ယင်းအဆောက်အအုံအတွင်းရှိ အနုပညာလက်ရာများကို ကြိုတင်ရွှေ့ပြောင်းထားရန် စီစဉ်နေရပြီဖြစ်သည်။

ပါရီမြို့သူမြို့သားများကိုလည်း မြစ်ကမ်းနံဘေးသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန် အာဏာပိုင်များက နှိုးဆော်ထားသည်။ ဇွန်လ ၂ ရက်နေ့က အဆိုပါမြစ်ရေသည် အမြင့်ဆုံးအတိုင်းအတာဖြစ်သော ၁၉ မီတာအထိ ရောက်ရှိလာခဲ့သည်။ အလားတူ လက်ရှိရက်ပိုင်းအတွင်းမှာလည်း ပြင်သစ်နှင့် ဂျာမနီနိုင်ငံများတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့ရာ လူသေဆုံးမှုများ ရှိထားခဲ့သည်။

နေ့စဉ်ရက်ဆက် ရွာသွန်းနေခဲ့သော မိုးကြောင့် အခက်ကြုံနေရသော ပြင်သစ်တွင် လပေါင်းများစွာကြာ အလုပ်သမားကန့်ကွက်ဆန္ဒပြပွဲများနှင့် နိုင်ငံရေးမငြိမ်မသက်မှုများကြောင့်လည်း ရထားခရီးစဉ်တစ်ချို့ ရပ်ဆိုင်းထားရသည်အထိဖြစ်နေရသည်။

အလားတူ နိုင်ငံရှိ ဒေသတစ်ချို့တွင် ရေလွှမ်းမိုးမှုများကြောင့် အဓိကလမ်းတစ်ချို့မှာ ရွှံ့နွံများအဖြစ်သို့ ရောက်ရှိနေပြီး ရေကြီးမှုကြောင့် နောက်ထပ် လူသေဆုံးမှုများ ဖြစ်ပေါ်လာနိုင်မည်ကို စိုးရိမ်မိကြောင်း ပြင်သစ် သဘာ၀ ပတ်ဝန်းကျင် ဝန်ကြီး Segolene Royal က ပြောသည်။

နိုင်ငံအလယ်ပိုင်းရှိ မြို့အများစုတွင် ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံး ရေကြီးမှုနှင့် ကြုံတွေ့နေရကာ လူပေါင်း ၅,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရပြီး နေအိမ်ပေါင်း ၁၉,၀၀၀ မှာလည်း လျှပ်စစ်မီး ပြတ်တောက်နေရသည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly