ဖလူဂျာ၊ မေ ၃၀ ။ ။ အိုင်အက်စ်အဖွဲ့ ခြေကုပ်ယူထားသည့် ဖလူဂျာမြို့တွင်းသို့ စီးနင်းမှုကို စတင်ပြီဖြစ်ကြောင်း အီရတ်စစ်တပ်က ပြောသည်။
၂၀၁၄ ခုနှစ်ကတည်းက အိုင်အက်စ်တို့လက်အောက် ကျရောက်ခဲ့သည့် ဖလူဂျာမြို့အား ပြန်လည်လက်ရရေးအတွက် အစိုးရက ထိုးစစ်ဆင်နေရာမှ ယခုတွင် မြို့တွင်း စီးနင်းခြင်းကို စ၍ ထိုးစစ်ဆင်ခြင်းဖြစ်သည်။
ယင်းမြို့အတွင်း အရပ်သားခန့်မှန်းခြေ ၅၀၀၀၀ ပိတ်မိနေပြီး လွတ်မြောက်လာသည့် မိသားစုများမှာ ရာဂဏန်းအနည်းငယ်သာရှိသည်။
ထိုတစ်ချိန်တွင် အိုင်အက်စ်တို့က နိုင်ငံ၏ မြို့တော် ဘဂ္ဂဒက်ဝန်းကျင်တွင် ဗုံးဖောက်ခွဲတိုက်ခိုက်မှုများ ဆင်နွှဲရာ လူပေါင်း အနည်းဆုံး ၂၀ သေဆုံးသည်။
ဖလူဂျာမြို့က အိုင်အက်စ်၏ ရှေ့တန်းခံစစ်များကို အထူးတန်ပြန်အကြမ်းဖက်မှုယူနစ်အဖွဲ့ဝင်များအပါအဝင် အီရတ်တပ်ဖွဲ့များက တိုက်ခိုက်ထိုးဖောက်လျက်ရှိပြီဖြစ်ကြောင်း အစိုးရထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။
အိုင်အက်စ်အဖွဲ့ကလည်း အသေခံဗုံးခွဲမှုများ ကားဗုံးဖောက်ခွဲမှုများဖြင့် ပြန်လည်ခုခံလျက်ရှိသည်။