ရန်ကုန်၊ မေ ၂၆ ။ ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေမှုနှင့် ဥပဒေပြင်ပလုပ်ဆောင်နေမှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့က အမြန်ဆုံးထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးသင့်ကြောင်း အဆိုကို မေလ ၂၆ရက်နေ့တွင် လွှတ်တော်သို့ တင်သွင်းခဲ့သည်။
ဒုတိယကြိမ်တိုင်းဒေသကြီး လွှတ်တော်ပုံမှန်အစည်းဝေး အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ယင်းအဆိုအား တင်သွင်းခဲ့ခြင်း ဖြစ်သည်။
" ကျွန်တော့ မဲဆန္ဒနယ် ဖြစ်တဲ့ အင်းစိန်မြို့နယ်အပါအဝင် မြို့နယ်တော်တော်များများမှာ တရားမဝင်မူး ယစ် ဆေးဝါး ဖြန့်ဖြူးရောင်းချမှုတွေရှိနေပါတယ်။ ပညာ သင်ကြားရမယ့်အရွယ် လူငယ်တစ်ချို့မှာလည်း မူးယစ် ဆေးဝါးရဲ့ သားကောင်တွေ ဖြစ်မှန်းမသိဖြစ်နေကြပါတယ်။တစ်ချို့မှာ သုံးစွဲရုံသာမက ဖြန့်ဖြူးနေကြ ကြောင်း လည်း ကြားသိထားရပါတယ်။ အဲဒီလှုပ်ရှားနေသူတွေထဲမှာ ဆယ်ကျော်သက်အရွယ် လူငယ်လေး တွေ အ များစု ဖြစ်နေပြီးတော့ မိန်းကလေးတွေပါ ပါဝင်နေတာကို ကြားသိထားရပါတယ်။ ဒီလိုကိစ္စတွေကို နေ့စဉ်နဲ့ အမျှကြပ်မတ်စစ်ဆေးဖို့ လိုအပ်ပါတယ်"ဟု အဆိုရှင် ဦးဝေဖြိုးဟန်က ဆိုသည်။
ယင်းအဆိုအား သင်္ဃန်းကျွမ်းမြို့နယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုး ကျော် (ခ) ဦးနေဘုန်းလတ်က ထောက်ခံဆွေးနွေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းကလည်း လွှတ်တော်တွင် ဆက်လက်ဆွေးနွေးသင့်ကြောင်း ပြောကြား ခဲ့သည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး အဆင့်အတန်းတိုးမြှင့်ထားကြောင်းလည်း ၎င်းက ဆို သည်။
" လုံခြုံရေးအဆင့်အတန်းတိုးဖို့ဆိုတာက ချက်ချင်းကြီးလုပ်လို့ရတာရှိသလို ရေရှည်လုပ်မှရတာတွေ လည်း ရှိပါတယ်။ အခု ကျွန်တော်တို့ လုပ်နေတာတွေသည် လက်ရှိရှိနေတဲ့ လုံခြုံရေးအဆင့်အတန်းကို တဖြေး ဖြေး မြင့်မြင့် သွားအောင် တစ်လှမ်းချင်းစီမံဆောင်ရွက်နေတယ်ဆို တာကိုလည်း အသိပေးလိုပါတယ်။ဒါနဲ့ ပတ် သက်ပြီးတော့လည်း လက်ရှိဖြစ်နေတဲ့အခြေနေ ရပ်ကွက်ထဲမှာ ဖြစ်ပျက်နေတဲ့အခြေနေတေါ ဖြစ်တဲ့အတွက် လွှတ်တော်က လက်ခံဆွေးနွေးသင့်ကြောင်း ထောက်ခံတင်ပါပါတယ်"ဟု ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောသည်။
အစိုးရ၏ ရက် ၁၀၀ စီမံချက်အတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ မေလ ၂၀ရက်နေ့အထိ မူးယစ် ဆေးဝါးမှု ၁၂၂ မှု၊ တရားခံ အမျိုးသား ၁၄၉ယောက်နှင့် အမျိုးသမီး ၂၁ယောက် ဖမ်းဆီးအရေးယူ ထား ကြောင်း သိရသည်။
၂၀၁၅ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ စံချိန်တင် မူးယစ်ဆေးဖမ်းဆီးရမိမှုများရှိခဲ့ပြီး အချို့သော မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် တရားခံများဖမ်းဆီးရာတွင် တန်ပြန်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်အချို့ အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် မြို့မရဲစခန်း ၄၅ ခု၊ နယ်မြေရဲစခန်း ၃၉ ခုရှိပြီး ရဲတပ်ဖွဲ့အင်အား ၅၇၈၀ ဦး ခန့် တာဝန်ထမ်း ဆောင်နေကြောင်း ဦးဝေဖြိုးဟန်၏ ပြောကြားချက်အရသိရသည်။
အဆိုအား လွှတ်တော်၏ ထောက်ခံမှုအရ ဇွန်လ ၁၄ရက်နေ့ လွှတ်တော် ပုံမှန်အစည်းဝေးတွင် ဆွေးနွေး သွားမည် ဖြစ်ကြောင်း သိရသည်။