ကွာလာလမ်ပူ၊ မေ ၆ ။ ။ မလေးရှား ဒုဝန်ကြီးတစ်ဦးနှင့် ပါလီမန် အမတ်တစ်ဦးတို့ လိုက်ပါလာခဲ့ပြီး ထိုင်းတောင်ပိုင်း Betong မြို့မှ မလေးရှားနိုင်ငံ Kuching မြို့ သို့ ဦးတည် ပျံသန်းလာခဲ့သော ရဟတ်ယာဉ်တစ်စင်း သည် မေလ ၅ ရက်က ဆာရာဝက်ပြည်နယ်တွင် ပျောက်ဆုံးသွားခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယင်းနောက် အရေးပေါ် ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့က လိုက်လံရှာဖွေခဲ့ရာတွင် အဆိုပါ ရဟတ်ယာဉ်အစိတ်အပိုင်းတစ်ခုဟု ယူဆရသော အပျက်အစီးတစ်ခုကို ရှာဖွေသူများက တွေ့ရှိထား ရပြီဖြစ်ကြောင်း ဝန်ကြီးချုပ် နာဂျစ် ရာဇက်က ပြောကြားလိုက်သည်။
ယမန်နေ့က နိုင်ငံ၏ စိုက်ပျိုးရေးနှင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး နိုရီအာ ကက်စ်နွန်၊ ပါလီမန် အမတ်တစ်ဦးတို့အပါအဝင် စုစုပေါင်း ခြောက်ဦးအထိ လိုက်ပါလာခဲ့သော အဆိုပါ ရဟတ်ယာဉ်မှာ ဆာရာဝက်ပြည်နယ်တွင် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ရဟတ်ယာဉ်သည် ယင်းနေ့ ညနေ ၄ နာရီ ၁၂ မိနစ်အချိန်က ထွက်ခွာသွားပြီးနောက်ပိုင်း ၄ နာရီ ၃၂ မိနစ်ခန့်တွင် လေကြောင်းထိန်းသိမ်းရေး အခြေစိုက်စခန်းနှင့် အဆက်အသွယ် ပြတ်တောက်သွားခြင်းဖြစ်သည်။
ယခုအခါ ရဟတ်ယာဉ် တစ်စင်း၏ ဘေးအကာပြားဟု ယူဆရသော အစိတ်အပိုင်းတစ်ခုကို အရှေ့ပိုင်းပြည်နယ် ဘာတန် လူပါ တွင် ရှာဖွေတွေ့ရှိထားပြီဖြစ်ပြီး ယင်းအစိတ်အပိုင်းကို စုံစမ်းစစ်ဆေးနေလျက်ရှိသည်။
မေ ၅ ရက် ညပိုင်းက အဆိုပါ ရဟတ်ယာဉ်ပျောက်ဆုံးနေခဲ့ပြီးနောက်ပိုင်း မလေးရှား ဝန်ကြီးချုပ် နာဂျစ် အခြေအနေနှင့်ပတ်သက်၍ များစွာ စိတ်ထိခိုက်မိသည်ဟု တွစ်တာ အကောင့်တွင် ရေးသားဖော်ပြခဲ့သည်။