ရက္ခိုင့်တပ်မတော် Arakan Army နှင့် ဆက်စပ်သူများဟု စွပ်စဲချက်ဖြင့် ဖမ်းဆီးခံထားရသူများကို လွှတ်ပေးဖို့နှင့် ပြည်တွင်းစစ်ပွဲများရပ်စဲဖို့ ယနေ့ ဧပြီ ၉ ရက်နေ့တွင် ကျောက်ဖြူမြို့နယ်မှ ဒေသခံ ၄၀၀ ခန့်က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ဆန္ဒဖော်ထုတ်မှုကို နေ့လည် ၁ နာရီခွဲတွင် စတင်ခဲ့ပြီး ကျောက်ဖြူမြို့နယ် ဘုရားကြီးအနီးမှ မြို့တစ်ပတ် လှည့်ပတ်ခဲ့ကာ AA နှင့် ဆက်စပ် ဖမ်းဆီးထားသူများကို ချက်ချင်းလွှတ်ပေးရန်၊ ပြည်တွင်းစစ်ရပ်တန့်ရန်၊ AA တပ်ဖွဲ့ဝင်များ၏ အမှုများကို မျှတစွာ စစ်ဆေးပေးရန် စသည့် ကြွေးကြော်သံများနှင့် ပိုစတာများကို ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။
ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သူ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းဒေသဖွံ့ဖြိုးရေး အဖွဲ့ ခေါင်းဆောင် ဦးထွန်းကြည်က မဇ္ဈိမကို ယခုလို ပြောကြားခဲ့သည်။
“ ကျွန်တော်တို့ ဆန္ဒပြရခြင်းဟာ မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ရပ်တန့်စေဖို့နဲ့ ဖမ်းဆီးခံ ရက္ခိုင်တပ်မတော်သားတွေကို လွှတ်မြောက်စေဖို့၊ လက်ရှိ အမှုရင်ဆိုင်နေရတဲ့ ရက္ခိုင်တပ်မတော်နဲ့ဆက်စပ်တယ်ဆိုပြီး သံသယနဲ့ ဖမ်းဆီးထားတဲ့ သူတွေကို မှန်ကန်စွာ စစ်ဆေးပေးဖို့အတွက်ပါ။"
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဧပြီလနှင့် ဒီဇင်ဘာလများတွင် ကချင်ပြည်နယ်အခြေစိုက် ရက္ခိုင့်တပ်မတော် AA နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ၂၀၁၅ ဧပြီလက AA တပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း ဖမ်းဆီးထောင်ချခံခဲ့ရကာ၊ ၂၀၁၆ ဇန်နဝါရီလတွင် ကျောက်တော်မြို့နယ်က ၃၆ ဦး၊ စစ်တွေမြို့နယ်က ၁၃ ဦး၊ ကျောက်ဖြူမြို့နယ်က ၃ ဦး၊ တောင်ကုတ်မြို့နယ်က ၃ ဦး၊ ပေါက်တောမြို့နယ်က ၁ ဦး၊ သံတွဲမြို့နယ်က ၁ ဦးနှင့် ရန်ကုန်မြို့နယ်က ၃ ဦး စုစုပေါင်း ၆၀ ဦးခန့် ဖမ်းဆီးခံခဲ့ရပြီး ကျောက်တော်မြို့နယ်က ၃၆ ဦးကို ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ မတ်လ နောက်ဆုံးသီတင်းပတ်နှင့် ဧပြီလ ပထမသီတင်းပတ်တို့တွင် ထောင်ဒဏ် ချမှတ်ခဲ့သည်။