FBI အလိုရှိဆုံးတရားခံဆယ်ဦးစာရင်းဝင်သွားသည့် အချစ်ပြိုင်ဖက်ကို လူငှားသတ်ခိုင်းသော ကိုယ်တိုင်က သစ္စာမဲ့ခဲ့သည့် အမျိုးသမီး

FBI အလိုရှိဆုံးတရားခံဆယ်ဦးစာရင်းဝင်သွားသည့် အချစ်ပြိုင်ဖက်ကို လူငှားသတ်ခိုင်းသော ကိုယ်တိုင်က သစ္စာမဲ့ခဲ့သည့် အမျိုးသမီး

နယူးယောက်၊ ဧပြီ ၇ ။            ။ အချစ်ရေးတွင် ကိုယ်တိုင်က ချစ်သူကို စွန့်ပစ်ခဲ့ပြီးမှ ရည်းစားဟောင်း၏ အချစ်သစ် ရှာဖွေမှုတွင် အချစ်ပြိုင်ဖက်ဖြစ်လာသူကို ကြေးစားငှားရမ်းကာ သတ်ဖြတ်ခိုင်းခဲ့သည့် အမျိုးသမီးတစ်ဦးက FBI ၏ အလိုရှိဆုံး တရားခံ ဆယ်ဦးစာရင်းတွင် စာရင်းတင်မှတ်တမ်းဝင်သွားခဲ့သည်။

တရားခံပြေးအဖြစ် ဆုငွေ အမေရိကန်ဒေါ်လာ တစ်သိန်း ထုတ်ထားခြင်းခံရသည့် ယင်းအမျိုးသမီးဖြစ်သူသည် အသက် ၃၃ နှစ်ရှိ ဘရန်ဒါဒယ်ဂါဒိုဆိုသူဖြစ်ပြီး ၎င်း၏ ရည်းစားဟောင်းနှင့် အချစ်ရေး ပတ်သက်မှုရှိလာသည့် ကန်ဒရာဟတ်ချာဆိုသူ အသတ်ခံရမှုဖြင့် FBI ၏ တရားခံပြေးအဖြစ် အလိုရှိနေခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံ ဒဲလက်စ်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက သွားဆရာဝန်တစ်ဦးဖြစ်သူ ဟတ်ချာကို သူ့တိုက်ခန်း ကားပါကင်နေရာ၌ လူငှား၍ သတ်ဖြတ်ခြင်း ခံရဖွယ်ရှိပြီး သေဆုံးလျက် တွေ့ရှိခြင်းဖြစ်သည်။

မနာလိုဝန်တိုစိတ်ကြီးမားလွှမ်းမိုးသည့် ဒယ်ဂါဒိုက အခြားလူနှစ်ဦး ငှားရမ်းပြီး ဟတ်ချာအား သတ်ဖြတ်ခိုင်းခြင်းဖြစ်နိုင်ကြောင်း FBI က ကောက်ချက်ချထားသည်။ ယင်းအငှားလူသတ်မှု ကျုးလွန်သူဆိုသူနှစ်ဦးကိုလည်း ဖမ်းဆီးရမိပြီးကြောင်း FBI က ပြောသည်။

“ဖြစ်နိုင်ခြေရှိတာ ဟတ်ချာက သူ့ရည်စားနဲ့ အချိန်းအချက်လုပ်တယ်လေ။ ဒါကြောင့် မနာလိုလို့ ဖြစ်သွားတာပဲဖြစ်ပါမယ်။”ဟု FBI အထူးအေဂျင့်တစ်ဦးဖြစ်သည့် ဂျက်ဆန်က ပြောသည်။  

မက္ကဆီကိုနိုင်ငံသူတစ်ဦးဖြစ်သည့် ဒယ်ဂါဒိုအနေဖြင့် ဟတ်ချာ ပစ်သတ်ခံရပြီး အချိန်ပိုင်းအတွင်း အာဏာပိုင်များက ခေါ်ယူမေးမြန်းမှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် မွေးရပ်နိုင်ငံသို့ ထွက်ပြေးသွားဖွယ်ရှိသည်ဟုလည်း ထင်မှတ်ထားသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာတွင်မူ တရားရုံးက ဒယ်ဂါဒိုကို ဖမ်းဝရမ်း ထုတ်ခဲ့သည်။

သတ်ဖြတ်မှုမဖြစ်မီ ရက်အနည်းငယ်အတွင်း၌ ဒယ်ဂါဒိုသည် အရေးပြားအထူးကုဆရာဝန်တစ်ဦးဖြစ်သော သူ၏ ရည်စားဟောင်းဖြစ်သူက အားလပ်ရက်၌ ဟတ်ချာအား ဆွေပြမျိုးပြ   ခေါ်သွားမည့်သတင်းကို ကြားသိလိုက်ရပြီး မနာလိုဖြစ် အမျက်သိုစိတ်ဝင်သွားဖွယ်ရှိကြောင်း အာဏာပိုင်များက ပြောသည်။

သွားကျန်းမာရေးဆရာဝန်တစ်ဦးဖြစ်ရန် ပညာဆက်လက်သင်ကြားနေဆဲဖြစ်သည့် ဒယ်ဂါဒိုက လူသတ်ပေးမည့်သူများအနက် တစ်ဦးကို မူးယစ်ကုန်သည်တစ်ဦးနှင့် အချိတ်အဆက်ရှိ၍   ဆေးမပြတ်လပ်စေအောင် တာဝန်ယူသည်ဟု ကတိပေး သိမ်းသွင်းခဲ့သည်ဟုလည်း အာဏာပိုင်များက ပြောသည်။

ဒယ်ဂါဒိုအား ၁၉၅၀ ခုနှစ်ထုတ်ပြန်ချက်နောက်ပိုင်း အလိုရှိဆုံး တရားခံပြေးစာရင်းတွင် ကိုးဦးမြောက်အဖြစ် စာရင်းတင်ထားကြောင်း FBI က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly