မတ် ၃၁၊ မက်ဒရစ် ။ ။ အမှတ်ပေးဇယားထိပ်ဆုံးမှ ၁၀ မှတ်ပြတ်နေသော ဘာစီလိုနာနှင့် စနေနေ့တွင် အယ်ကလက်ဆီကိုပွဲကစားရန်ရှိနေသော်လည်း ရီးယဲလ်အနေဖြင့် ဘာစီလိုနာကိုကျော်ပြီး လာလီဂါဖလားရနိုင်သေးသည်ဟု ဂါရတ်ဘေးလ်က ပြောသည်။
ဘာစီလိုနာအသင်းသည် ပြိုင်ပွဲစုံ ၃၉ ပွဲဆက်ရှုံးပွဲမရှိသေးဘဲ နိုဝင်ဘာ ၂၁ တွင် ကစားခဲ့သည့်ပွဲ၌လည်း ရီးယဲလ်ကို ဘာနေဗျူး၌ ၄-၀ ဖြင့်နိုင် ထားကာ နောက်ထပ်နိုင်ပွဲထပ်မံရယူရန်လည်း ကြိုးပမ်းလျှက်ရှိသည်။
"ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ ကျွန်တော်က အကောင်းဆုံးပုံစံမရခဲ့ပါဘူး"ဟု ပြီးခဲ့သည့်နှစ်ထက် ခြေစွမ်း ပိုကောင်းလာပြီဟု ခံယူထားသည့် ဘေးလ်က ပြောသည်။
၂၀၁၃ စက်တင်ဘာတွင် စပါးမှပြောင်းလာခဲ့သည့် ဘေးလ်သည် ပြီးခဲ့သည့်နှစ်က ချန်ပီယံဘာစီလိုနာထက်နှစ်မှတ်နည်းပြီး ဒုတိယရခဲ့သည့် ရီးယဲလ်မက်ဒရစ်အသင်းအတွက် လာလီဂါ ၃၁ ပွဲကစားပြီး ၁၃ ဂိုးသွင်းနိုင်ခဲ့သည်။
ယခုနှစ်ဘောလုံးရာသီတွင် ဒဏ်ရာများကြားမှ ရီးယဲလ်အတွက် ကစားပေးရင်း လိဂ်ပွဲ ၁၈ ပွဲတွင် ၁၅ ဂိုးသွင်းထားသည်။ လိဂ်ပွဲ ရှစ်ပွဲ ကစားရန်ကျန်သေးချိန်တွင် ရီးယဲလ်သည် တတိယနေရာတွင်ရပ်တည်နေသည်။
"ဆက်ပြီးကြိုးကြိုးစားစားကစားဖို့၊ တိုက်ပွဲဝင်ဖို့က ကျွန်တော့်အတွက်အရေးကြီးပါတယ်။ နိုင်ငံရပ်ခြားမှာကစားရတာ ခက်ပါတယ်။ ဒီနှစ်မှာ ကျွန်တော်ပိုအထိုင်ကျလာပြီး ခြေစွမ်းလည်းပိုပြလာနိုင်တယ်လို့ ခံစားရပါတယ်။
ပွဲတစ်ပွဲကအများကြီးဖြစ်ပျက်ပြောင်းလဲနိုင်ပြီး နောက်ထပ်ပွဲတွေလည်းကျန်ပါသေးတယ်။ ၁၀ မှတ်ပြတ်နေပေမယ့် မဖြစ်နိုင်လောက်တော့ဘူး ဆိုတဲ့အချိန်ထိ တိုက်ပွဲဝင်သွားမှာပါ။ စနေနေ့မှာ သူတို့နဲ့ ခုမှတ်အကွာကိုရောက်နိုင်ပြီး ရှေ့ဆက်ဘာဆက်ဖြစ်မယ်ဆိုတာ ဘယ်သူမှမသိနိုင်ဘူးလေ"ဟု အသက် ၂၆ နှစ်အရွယ် ကစားသမားက ပြောသည်။
Ref; BBC