မတ် ၂၉၊ ရန်ကုန်။ ။ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် သုံးလသာ အချိန်ပြည့်လေ့ကျင့်ခွင့်ရမည်ဟု မြန်မာ့လက်ရွေးအသင်း နည်းပြချုပ် ဂတ်ဇီဆီဖရိုင်းဒရစ်ကပြောသည်။
မြန်မာအသင်းမှာ ဆူဇူကီးဖလားပြိုင်ပွဲအတွက် ဖေဖေါ်ဝါရီလကတည်းက ပြင်ဆင်မှုများပြုလုပ်နေသော်လည်း လိဂ်ပွဲစဉ်များရှိနေသဖြင့် တစ်ပတ်လျှင် တစ်ရက်ခန့်သာစုစည်းလေ့ကျင့်မှုများပြုလုပ်နိုင်သည်။
လက်ရှိအသင်းအနေအထားလူငယ်တွေနဲ့အကောင်းဆုံးအနေအထားမှာ ရှိနေပါတယ်။ လောလောဆယ်တော့ လိဂ်ပွဲတွေရှိနေတော့ စုစည်းလေ့ကျင့်ချိန်နည်းပါတယ်။ ပြိုင်ပွဲအကြို သုံးလလောက်ပဲ စုစည်းလေ့ကျင့်နိုင်မှာပါ။ ဒါပေမယ့်ကြားထဲမှာ နိုင်ငံတကာခြေစမ်းပွဲတွေ၊ ဖိတ်ခေါ်ပွဲတွေကစားဖို့ရှိလို့ ပြင်ဆင်ချိန်ကလုံလောက်ပါတယ်။ ဟု ဂတ်ဇီဆီဖရိုင်းဒရစ်ကပြောသည်။
မြန်မာ့လက်ရွေးစင်အသင်းမှာ မတ်လအတွင်း စင်ကာပူနှင့်ခြေစမ်းပွဲ၊ လက်ဘနွန်နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲများကစားခဲ့ပြီး ဧပြီလအတွင်း မြန်မာနေရှင်နယ်လိဂ်အောလ်စတားအသင်းနှင့် ခြေစမ်း ကစားမည်ဖြစ်သည်။