ချင်းမိုင်၊မတ် ၂၄ ။ ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်မူကြမ်း(NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့၏ ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေး မတ် ၂၄ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စတင်ပြုလုပ်နေသည်။
ထိုအစည်းအဝေးသို့ အဖွဲ့အစည်းတိုင်းမှ ကိုယ်စားလှယ်များနှင့် လေ့လာသူများ အပါအဝင် ၅၀ ကျော် တက်ရောက်နေပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Khum Phucom ဟိုတယ်တွင် ပြုလုပ်နေခြင်း ဖြစ်သည်။
အဖွဲ့အစည်းတိုင်းမှ လုပ်ငန်း အစီရင်ခံစများ တင်သွင်းခြင်း၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးမှုများနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေးကိစ္စများ၊ အတက်လာမည့် အစိုးရ သစ်နှင့် ချိတ်ဆက် ဆောင်ရွက်ရေး ကိစ္စများ၊ NCA လက်မှတ်မရေးထိုးသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။