ဝါရှင်တန်၊ မတ် ၁၉ ။ ။ အမေရိကန်၏ သမိုင်းတွင် ပထမဆုံးအဖြစ် တိုက်ခိုက်ရေးတပ်ဖွဲ့အား ဦးဆောင်ရန် အမျိုးသမီးတစ်ဦးအား ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာက အမည်စာရင်းတင်သွင်းသည်။
အမေရိကန်မြောက်ပိုင်းတပ်မအား ဦးဆောင်အကြီးအကဲအဖြစ် အမျိုးသမီး ဗိုလ်ချုပ် လော်ရီရော်ဘင်ဆန်ကို ကာတာက မတ် ၁၈ ရက်က အမည်စာရင်းကြေညာခြင်းဖြစ်သည်။
ယင်းနေရာရာထူးသည် အမေရိကန်စစ်တပ်တွင် ထိပ်တန်းရာထူးတစ်ရပ်ဖြစ်ပြီး ဆီးနိတ်တွင် အတည်ပြုမှု ခံယူရမည်ဖြစ်သည်။
လက်ရှိတွင် လော်ရီက ပစိဖိတ်လေတပ်ဖွဲ့၏ တပ်မှူးအဖြစ် တာဝန်ယူထားသည်။ သူသည် ၁၉၈၂ ခုနှစ်ကစကာ လေတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
“လော်ရီက ပထမဆုံး အမျိုးသမီး တိုက်ခိုက်ရေးတပ်ဖွဲ့ တပ်မှူးဖြစ်လာမှာဖြစ်ပါတယ်။ ဒီရာထူးနဲ့လည်း သူက သင့်တော်သူပဲဖြစ်ပါတယ်။”ဟု ကာကွယ်ရေးဝန်ကြီး ကာတာက ပြောသည်။
အမေရိကန်မြောက်ပိုင်းတပ်မသည် မြောက်အမေရိကတစ်ခုလုံးကို လွှမ်းခြုံထားသည်။
တကယ်၍ ဆီးနိတ်က လော်ရီအား အတည်ပြုခန့်အပ်ပါက လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဘီလ်ဂေါနေးနေရာတွင် ၎င်းက ဝင်ရောက်တာဝန်ယူရမည်ဖြစ်သည်။