သားဖြစ်သူကမတော်တဆသေနတ်နှင့် ပစ်မိသဖြင့် သေနတ်ကိုင်ဆောင်ခွင့်ထောက်ခံသူအမျိုးသမီး ဆေးရုံရောက်

သားဖြစ်သူကမတော်တဆသေနတ်နှင့် ပစ်မိသဖြင့် သေနတ်ကိုင်ဆောင်ခွင့်ထောက်ခံသူအမျိုးသမီး ဆေးရုံရောက်

နယူးယောက်၊မတ်၊ ၁၀ ။           ။ အမေရိကန်ပြည်ထောင်စုတွင် သေနတ်ကိုင်ဆောင်ခွင့်ကိုထောက်ခံသည့် တက်ကြွလှုပ်ရှားသူအမျိုးသမီးတစ်ဦးသည် ၄ နှစ်အရွယ်သားဖြစ်သူက သေနတ်ဖြင့် မတော်တဆပစ်ခတ်မိသွားသဖြင့် ဆေးရုံရောက်သွားခဲ့သည်။

ဂျေမီဂေ့လ် ဟုအမည်ရသော အသက် ၃၁ နှစ်အရွယ်အမျိုးသမီးသည် လူတိုင်းလွတ်လပ်စွာသေနတ်ကိုင်ဆောင်ခွင့်ကို တက်တက်ကြွကြွထောက်ခံသူဖြစ်ပြီး လူမှုကွန်ယက်မီဒီယာထက်တွင်လည်း   သေနတ်ကိုင်ဆောင်ခွင့်ကိုထောက်ခံကြရန် စည်းရုံးလှုံ့ဆော်မှုများ လုပ်လေ့ရှိသူဖြစ်သည်။

ထိုကဲ့သို့ စည်းရုံးလှုံ့ဆော်ရာတွင် သူမ၏ ၄ နှစ်အရွယ်သားဖြစ်သူပင် သေနတ်ကို ဖြောင့်ဖြောင့်တန်းတန်းပစ်နိုင်သည်ဟု လည်း ရေးသားခဲ့ဖူးသူ ဖြစ်သည်။

ဂျေမီဂေ့လ်သည် သူမ၏ ၄ နှစ်အရွယ်သားငယ်ကို ကားနောက်ခန်းတွင်တင်ပြီး ကားမောင်းနေစဉ် သူမ၏ သားဖြစ်သူက သူမ၏ သေနတ်ကိုယူငင်ဆော့ကစားရာမှာ မတော်တဆကျည်ထွက်ပြီး သူမ၏နောက်ကျောကို ပစ်မိသွားခဲ့သည်။

သေနတ်ထိမှန်ကာ ကားရပ်ထားရစဉ် ကင်းလှည့်နေသည့် တာဝန်ကျရဲအရာရှိတစ်ဦးကတွေ့မြင်သွားပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သဖြင့် လက်ရှိအချိန်တွင် ဂျေမီဂေ့လ်သည် အသက်အန္တရာယ်မှ လွတ်မြောက်လာခဲ့ပြီဟု တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly