ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၁ ။ ။ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်မှ ဖူးခက်သို့ ပျံသန်းမည့် ဘန်ကောက်လေကြောင်းလိုင်း လေယာဉ်တွင် ထိုင်းခရီးသည်လေးဦး သံသယစကားပြောဆိုမှုမှ ဗုံးလန့်မှုဖြစ်၍ ပျံသန်းမည့်ခရီးစဉ်ကို ပယ်ဖျက်လိုက်ရသည်။
ယင်းသံသယစကားပြောဆိုမှုက လေဆိပ်လုံခြုံရေးထိန်းချုပ်မှုစင်တာအထိ သတင်းရောက်ရှိလာပြီးနောက် အရေးပေါ်တုံ့ပြန်မှုကို ဆောင်ရွက်ခဲ့ရသည်။ Flight PG 924 လေယာဉ်က သုဝဏ္ဏဘူမိေလေဆိပ်မှ အပန်းဖြေကျွန်းဖူးခက်သို့ နေ့လည် ၁၂ နာရီခွဲတွင် ပျံသန်းမည့်အချိန်၌ ယခုကဲ့သို့ ဖြစ်ပွားခြင်းဖြစ်သည်။
သုဝဏ္ဏဘူမိလေဆိပ် အထွေထွေမန်နေဂျာ ဒန်ဂရာတာနာက ခရီးသည်များ ၎င်းတို့၏ အိတ်များကို နေရာတကျထားလျက်ရှိကြစဉ် သင်္ကာမကင်းဖွယ် ဗုံးခြောက်လှန့်မှုဖြစ်၍ လေယာဉ်မှူးက SCC သို့ နေ့လည် ၁၂ နာရီ ၅၄ မိနစ်တွင် သတင်းပို့အကြောင်းကြားလာခြင်းဖြစ်ကြောင်း ပြောသည်။
လေယာဉ်မှူးက ပျံတက်ရန်အစီအစဉ်ကို ပယ်ဖျက်လိုက်ပြီး ယာဉ်ပေါ်လိုက်ပါသည့် ခရီးသည် ၁၅၆ ဦးနှင့် အမှုထမ်းရှစ်ဦးတို့နှင့်အတူ သီးသန့် ပါကင်အတွင်း လေယာဉ်ကို မောင်းနှင်ကာ အရေးပေါ်ရွှေ့ပြောင်းမှုများ လုပ်ဆောင်ခဲ့သည်။
ခရီးသည်များနှင့် အိတ်များကို လေယာဉ်မှ အလျင်အမြန်ဖယ်ရှားခဲ့ပြီး သံသယဖြစ်ဖွယ်ပစ္စည်းများကို ချက်ချင်းရှာဖွေမှုများ လုပ်ဆောင်ခဲ့သည်။
ပေါက်ကွဲရေးပစ္စည်းရှာဖွေရေးယူနစ်၊ မီးသတ်တပ်ဖွဲ့၊ ကယ်ဆယ်ရေးသမားများနှင့် ဆေးတပ်ဖွဲ့များကို ယင်းလေယာဉ်သို့ အမြန်ပို့ဆောင်ကာ လုပ်ငန်းများဆောင်ရွက်ခဲ့သည်။
လေယာဉ်တွင် ရှာဖွေရေးဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ဒန်ဂရာတာနာက ပြောသည်။