ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်စေချင်သလား၊ မဖြစ်စေချင်ဘူးလား

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်စေချင်သလား၊ မဖြစ်စေချင်ဘူးလား

ဖေဖော်ဝါရီ ၁ နှင့် ၃ က ဆက်တိုက်ဆိုသလို ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် လွှတ်တော်သစ်များကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ရလဒ်အပေါ် အခြေပြုလျှက် ဖွဲ့စည်း တည်ထောင် လိုက်ကြသည်။ တစ်နည်းအားဖြင့် ဆိုရသော် လွှတ်တော်သစ်များကို အင်န်အယ်လ်ဒီ လွှတ်တော်များဟု ခေါ်ဆိုနိုင်သည်အထိ ပင်နီဝတ် ရဲရဲတောက် လွှတ်တော်အမတ်များကို မြင်ရတွေ့ ရသည်။ ပြည်သူ အများစုမှာ မိမိတို့ ဖန်တီးထားသော လွှတ်တော်များကို လက်တွေ့မျက်တွေ့ မြင်တွေ့ ရပြီးနောက် ဝမ်းသာနေကြသည်။

ပို၍ ဝမ်းသာစရာကောင်းသည်မှာ လူထုခေါင်းဆောင်ဟု ပြိုင်တူညီ သတ်မှတ်ခံထားရသော အနိုင်ရပါတီ အင်န်အယ်လ်ဒီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အင်န်အယ်လ်ဒီအောင်ပွဲကို လူထု အောင်ပွဲဟု ဆိုခဲ့သည့်အပြင် မိမိတို့က ရွေးကောက်ပွဲ အောင်မြင်မှုတွင် အများစုဖြင့် အသာစီးရခဲ့သော် လည်း အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်ဆောင်ရွက်မည်ဟု ဆိုခဲ့သည့်အတိုင်း ဗမာ၊ ရခိုင်၊ ကရင်၊ ကချင်၊ တိုင်းရင်းသား လေးမျိုးပါသော လွှတ်တော်ခေါင်းဆောင် လေးယောက်ကို တိုင်းရင်း သား ပြည်သူတစ်ရပ်လုံး သဘောတွေ့ မနောခွေ့စေရန် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

စစ်အာဏာရှင် အကြွင်းအကျန်များ၊ စစ်အာဏာရှင် နောက်မြီးဆွဲများ၊ စစ်အာဏာရှင်များက မွေးထုတ်ထားသူများနှင့် စစ်အာဏာရှင်များနှင့် ပေါင်းစားဖားစားသူ လူတန်းစား တစ်စုမှလွဲလျှင် ပြည်သူ တစ်ရပ်လုံးနီးပါးက ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ၎င်းတို့ ဆန္ဒပြု ထုတ်ဖော်ထား သည့်အတိုင်း အင်န်အယ်လ်ဒီခေါင်းဆောင်ကို တိုင်းပြည်၏ အထွတ်အထိပ်နေရာဖြစ်သော သမ္မတ ဖြစ်စေ ချင်သည်။ သို့တိုင် ပြည်သူလူထု ထောက်ခံမှု မပါဘဲ စစ်အာဏာရှင်များ အလိုကျ အချိန်ယူ ရေးဆွဲ အတည်ပြု ပြဋ္ဌာန်းထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) က ဒေါ်အောင် ဆန်းစုကြည်ကို သမ္မတ မဖြစ်စေရန် တားဆီးထားသည်။

လက်ရှိကာလမှ တွက်စစ်သော် အစိုးရအပြောင်းအလဲဖြစ်ရန် အချိန်အားဖြင့် နှစ်လပင်မလို တော့ပါ၊ အင်န်အယ်လ်ဒီ လွှတ်တော်သစ်များသည်လည်း ချက်ချင်းဆိုသလို အရှိန်ရ အသက်ဝင်မည် မဟုတ်ပါ။ ကျောက်သား ကျောက်စိုင်ထက်တွင် ရေးထိုးထားသည့်ထက်ပင် ခိုင်မာသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကလည်း မလွယ်ပါ။ လူ့အဖြစ်ကို ရသည်ကပင် လွဲချင်လွဲပါလိမ့်ဦး မည်၊ ဒီမိုကရေစီ စံနှုန်းများနှင့် လွဲမှားချွတ်ချော်နေသော လူထုဆန္ဒထက် လူတစ်စုဆန္ဒက အလေးသာ နေသည့် (စစ်တပ်က ဗီတိုအာဏာ ရထားသည်) ယင်းအခြေခံ ဥပဒေပြင်ဆင်ရေးမှာ မလွယ်ရေးချ မလွယ်ပါ။

ဤတွင် စစ်ခေါင်းဆောင် စစ်အာဏာရှင်များ ပေးခဲ့ဖူးသော အဖြေသည် "ဒေါ်အောင်ဆန်းစု ကြည်ကို သမ္မတ ဖြစ်စေချင်သလား၊ မဖြစ်စေချင်ဘူးလား" ပုစ္ဆာအတွက် အချိန်အခါကိုက် ထွက်ပေါ် လာခဲ့သည်။ ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုသော စစ်တပ်ကိုယ်စားလှယ်မပါသည့် ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များက တွက်စစ်ပေးနိုင်သော အခြေအနေတစ်ရပ်သည် မြန်မာပြည်သူများအ တွက် ကံကောင်းခြင်း လက်ဆောင်များကို သယ်ယူလာဖွယ် ရှိသည်။

၁၉၅၈ ၌ စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းပိုက်ရန် ကြံစည်သည်တွင် ဝန်ကြီးချုပ်ဦးနုက ဒီမိုကရေစီ စံချိန်စံညွှန်း ဝင်စေရန် လွှတ်တော်အားကို သုံး၍ ခြောက်လအတွင်း ရွေးကောက်ပွဲ ကျင်းပ ပေးရ မည်ဟူသော ကတိစကားဖြင့် ဗိုလ်ချုပ်နေဝင်းကို ဝန်ကြီးချုပ်ရာထူး ပေးခဲ့သည်။

ခြောက်လပြည့်ပြီးသော်လည်း ရွေးကောက်ပွဲ မကျင်းပပေးခဲ့သဖြင့် ဆက်လက် အာဏာ ဆွဲကိုင်ရန် ပြင်ဆင်ရခက်နေသော ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို မပြင်တော့ဘဲ ဗိုလ်ချုပ် နေဝင်းအား ဝန်ကြီးချုပ်အဖြစ် ဆက်လက် ဆောင်ရွက်ရန် အတားအဆီးဖြစ်နေသည့် ပုဒ်မ ၁၁၆ ကို ကာလအပိုင်းအခြားတစ်ခု ဆိုင်းငံ့ရန် အဆိုတင်ပြီးနောက် အဆိုအောင်သော အခါတွင်မှ ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင် ခဲ့သည်။

စစ်ခေါင်းဆောင်တစ်ဦးကိုပင် အာဏာရရှိစေရန် ပြင်ရခက်သော အခြေခံဥပဒေကို ပြဋ္ဌာန်း ချက်များနှင့်အညီ မပြင်တော့ဘဲ သီးခြားဥပဒေတစ်ခုဖြင့် ကာလတစ်ခုအထိ ဆိုင်းငံ့နိုင်ရန် လွှတ်တော် များက ကြိုးပမ်း ဆောင်ရွက်နိုင်ခဲ့သည်ဖြစ်ရာ ယင်းစစ်ခေါင်းဆောင်ဟောင်း ပေးခဲ့သော ဥပမာကို အရအမိယူ၍ လူထုခေါင်းဆောင်အား လူထုလိုလား နှစ်သက်သည့်အတိုင်း အာဏာလက်ဝယ် ရရှိစေရန် အင်န်အယ်လ်ဒီ လွှတ်တော်များသည် အဘယ့်ကြောင့် မစွမ်းဆောင်နိုင်သနည်း။

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်စေချင်သလား၊ မဖြစ်စေချင်ဘူးလား။ လူတစ်စုအကျိုး ထက် လူထုအကျိုးကို ရည်သန်သည်ဆိုလျှင် နောက်မတွန့်ဘဲ မဖြစ်မနေ ရှေ့ဆက်တိုး ဆောင်ရွက် ရန်သာ ရှိသည်ဟု မဇ္ဈိမဟု ယုံကြည်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly