NLD ပါတီက ၎င်း၏ အမတ်များကို နေပြည်တော်မှ မခွာရန် ညွှန်ကြားထားကြောင်း ပါတီထိပ်ပိုင်းအဖွဲ့ဝင်များက ပြောပြီး ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့် တားဆီးထားသည့် ဖွဲ့စည်းပုံပုဒ်မ အရေးကို ဖြေရှင်းရန် ဥပဒေရေးရာအရ လုပ်ဆောင်လာလိမ့်မည်ဟု ထင်ကြေးများ ဖြစ်ပေါ်လာစေသည်။
အမာခံအဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းထားသည့် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ CEC က နေပြည်တော်တွင်ပင် ရှိနေကြရန် မှာကြားထားကြောင်း NLD လွှတ်တော်ကိုယ်စားလှယ်အမတ်သစ် ရှစ်ဦးက ပြောသည်။
“လာမယ့်သီတင်းပတ်အကုန်အထိ ကျွန်တော်တို့ကို ဘယ်ကိုမှ သွားခွင့်မပြုဘူး။ CEC အဖွဲ့ဝင်တစ်ဦးက ပြောတာကတော့ လာမယ့်အပတ်ထဲမှာ အရေးကြီးတဲ့ ဥပဒေတွေ တင်ဖို့ ရှိတယ်လို့ ဆိုပါတယ်။” ဟု အမည်ထုတ်ဖော်မပြောသည့် NLD ပါတီဝင် အမတ်တစ်ဦးက ပြောသည်။
ထိုညွှန်ကြားချက်ကြောင့် နိုဝင်ဘာရွေးကောက်ပွဲတွင် အနိုင်ရလင့်ကစား ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့်ကို တားဆီးပိတ်ပင်ထားသည့် ဖွဲ့စည်းပုံပုဒ်မ ၅၉(စ)၏ ကန့်သတ်ချက်အား ပယ်ဖျက် သွားနိုင်ရေး ဥပဒေများ တင်လာလိမ့်မည်ဖြစ်ကြောင်း လွှတ်တော်အမတ်များကြား ထင်ကြေးများ ပို၍ ခိုင်မြဲလာစေသည်။
NLD ထိပ်ပိုင်းပုဂ္ဂိုလ်တစ်ဦးကမူ ထင်မြင်ချက်ပေးရန် ငြင်းဆန်ပြီး ၎င်းတို့၏ မဟာဗျူဟာကို အဓိက အရွှေ့အပြောင်းဖြစ်စေပြီး အာဏာရှိဆဲ စစ်တပ်ကို တိုက်ရိုက်စိန်ခေါ်မှုဖြစ်စေမည့် ယင်းကဲ့သို့သော လုပ်ဆောင်မှုမျိုး မရှိကြောင်း ပြောခဲ့သည်။
NLD ပါတီသည် နိုဝင်ဘာရွေးကောက်ပွဲတွင် အမတ်နေရာ ၈၀ ရာခိုင်နှုန်းနီးပါးဖြင့် အနိုင်ရခဲ့သည့် ပါတီဖြစ်ပြီး စစ်တပ်နှင့် ပြေလည်မှုရရှိရေး ချဉ်းကပ်လျက်ရှိနေသည်။
စစ်တပ်ကျောထောက်နောက်ခံပြု လက်ရှိ အစိုးရက ဖွဲ့စည်းပုံ ပြဌာန်းကန့်သတ်ချက်များအား ရှောင်ရှားရန် ကြိုးစားခြင်းသည် ဥပဒေနှင့် ညီမည်မဟုတ်ကြောင်း ပြောထားသည်။