ရီးယဲလ်အသင်းသည် ကမ္ဘာပေါ်တွင် ဝင်ငွေအကောင်းဆုံးအသင်းအဖြစ် ရပ်တည်ခဲ့ပြီး အာဆင်နယ်အသင်းမှာ အိမ်ကွင်းဝင်ငွေ အကောင်းဆုံး အသင်းအဖြစ် ရပ်တည်ခဲ့သည်။ အာဆင်နယ်မှာ ပြီးခဲ့သည့် ခြောက်နှစ်အတွင်း လန်ဒန်မြို့တွင် ချယ်လ်ဆီးအသင်းထက် ပိုမိုဝင်ငွေ ရရှိသော အသင်းအဖြစ် ရပ်တည်နိုင်ခဲ့သည်ဟု Deloitte ဖော်ပြသွားခဲ့သည်။
အာဆင်နယ်အသင်းသည် ၂၀ဝ၆ ခုနှစ်က စတင်ပြီး အမ်းမရိတ်ကွင်းတွင် ကစားခဲ့ခြင်းဖြစ်သည်။ ထိုင်ခုံပေါင်း ၆၁,ဝဝဝ ရှိသည့် အမ်းမရိတ်ကွင်းသို့ ပြောင်းရွှေ့ပြီးနောက် ယခုအချိန်အတွင် အာဆင်နယ်သည် အိမ်ကွင်းပွဲစဉ်များမှ ဝင်ငွေအများဆုံး ရရှိအောင် ပြုလုပ်နိုင်သည့် အသင်း ဖြစ်လာပြီ ဖြစ်သည်။
အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်ရာသီက အိမ်ကွင်းပွဲစဉ်များမှ ဝင်ငွေ ၁၀၁ ဒသမ ၈၄ သန်း ရရှိခဲ့ပြီး ထိပ်ဆုံးတွင် ရပ်တည်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏နောက်တွင် ရီးယဲလ်အသင်းက ဘာနေဗျူးကွင်းဝင်ကြေးများမှ ပေါင် ၁၀ဝ ဒသမ ၁၂ သန်းဖြင့် ဒုတိယ၊ ဘာစီလိုနာအသင်းက နူးကမ့်ကွင်းဝင်ကြေးများမှ ပေါင် ၉၀ ဒသမ ၁၇ သန်းဖြင့် တတိယတို့ဖြင့် ရပ်တည်နေသည်။
ရီးယဲလ်နှင့် ဘာစီလိုနာတို့၏နောက်တွင် မန်ယူက ပေါင် ၈၇ ဒသမ ၉၆ သန်းဖြင့် စတုတ္ထ၊ ချယ်လ်ဆီးက ပေါင် ၇၁ ဒသမ ၈၄ သန်းဖြင့် ပဉ္စမ၊ လီဗာပူးလ်က ပေါင် ၅၇ ဒသမ ၈၅ သန်းဖြင့် ဆဋ္ဌမ၊ မန်စီးတီးက ပေါင် ၄၃ ဒသမ ၉၈ သန်းဖြင့် သတ္တမ၊ စပါးက ပေါင် ၄၁ ဒသမ ၈၃ သန်းဖြင့် အဋ္ဌမ နေရာတို့တွင် အသီးသီးရပ်တည်နေကြသည်။
အိမ်ကွင်းဝင်ငွေရရှိမှုတွင် အာဆင်နယ်အသင်းက ထိပ်ဆုံးတွင် ရပ်တည်ခဲ့သော်လည်း ရုပ်သံဝင်ငွေရရှိမှုတွင် ရီးယဲလ်အသင်းနှင့် ဘာစီလိုနာအသင်းတို့က ပေါင် ၁၅၄ သန်း၊ ပေါင် ၁၅၃ ဒသမ ၉ သန်းတို့ဖြင့် ထိပ်ဆုံးမှ ရပ်တည်ခဲ့ကြသည်။ ပရီးမီးယားလိဂ်တွင် ရုပ်သံဝင်ငွေ အများဆုံးရသည့် အသင်းမှာ ချယ်လ်ဆီးဖြစ်ပြီး ပေါင် ၁၃၇ ဒသမ ၃ သန်း ရရှိခဲ့သည်။
အသင်းပစ္စည်းများ ရောင်းဝယ်ဖောက်ကားမှုတွင် ပီအက်စ်ဂျီအသင်းက ပေါင် ၂၂၈ ဒသမ ၈ သန်းဖြင့် ဝင်ငွေအများဆုံးရခဲ့ပြီး ဘိုင်ယန်မြူးနစ်က ပေါင် ၂၁၄ ဒသမ ၂ သန်းဖြင့် ဒုတိယ၊ မန်ယူက ပေါင် ၂၀၃ ဒသမ ၃ သန်းဖြင့် တတိယနေရာတွင် ရှိနေခဲ့သည်။
ဝင်ငွေအားလုံး စုစုပေါင်းတွင်မူ ရီးယဲလ်အသင်းက ပေါင် ၄၄၄ ဒသမ ၅ သန်းဖြင့် ထိပ်ဆုံးတွင် ရှိနေပြီး ဘာစီလိုနာက ပေါင် ၄၃၂ ဒသမ ၁ သန်းဖြင့် ဒုတိယ၊ မန်ယူက ပေါင် ၄၀ဝ ဒသမ ၃ သန်းဖြင့် တတိယ၊ ပီအက်စ်ဂျီက ပေါင် ၃၇၀ ဒသမ ၄ သန်းဖြင့် စတုတ္ထ၊ ဘိုင်ယန်မြူးနစ်က ပေါင် ၃၆၅ ဒသမ ၂ သန်းဖြင့် ပဉ္စမနေရာတို့တွင် ရပ်တည်ခဲ့သည်။
ဝင်ငွေအများဆုံး ထိပ်ဆုံး ၁၀ သင်းတွင် ပရီးမီးယားလိဂ်က ငါးသင်း၊ လာလီဂါက နှစ်သင်း၊ စီးရီးအေ၊ ဘွန်ဒက်စ်လီဂါနှင့် ပြင်သစ်လိဂ်တို့က တစ်သင်းစီ ပါဝင်ခဲ့ကြသည်။
ရည်ညွှန်း-ဒေးလီးမေးလ်