Miss Internet ဆုယူကာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာခဲ့သည့် အလှမယ် စီစီအေးကို

Miss Internet ဆုယူကာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာခဲ့သည့် အလှမယ် စီစီအေးကို

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ။            ။ မလေးရှားနိုင်ငံတွင် ဇန်နဝါရီ ၁၆ရက်က ကျင်းပခဲ့သည့် Miss Tourism World 2015 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် အလှမယ် စီစီအေးကိုက ဆုကြီးများကို မှန်းထားသော်လည်း Miss Internet ဆုကို မြန်မာပြည်အတွက် ယူဆောင်လာနိုင်ခဲ့သည်။

Miss Tourism World 2015 အလှမယ် ပြိုင်ပွဲကို ဇန်နဝါရီလ (၁၆)ရက်တွင် မလေးရှားနိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၅၀ကျော်မှ အလှမယ်များ နှင့်အတူ မြန်မာနိုင်ငံမှလည်း ကိုယ်စားပြု အနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

အလှမယ် စီစီအေးကိုက "ဆုကြီးတွေ ရဖို့ မှန်းထားတာပါ။ ညီမ Miss Internet ဆုကို မမှန်းရဲဘူး ဘာဖြစ်လို့လဲ ဆိုတော့ နောက်ဆုံး Voting ကြည့်တဲ့အခါမှာ ညီမက voting အရမ်းနည်းနေတယ်။ ဖိုင်နယ်ပြိုင်ပွဲမှာ Miss Internet ဆုကို မြန်မာလို့ ကြေညာလိုက်တဲ့အချိန် ညီမ အရမ်းအံ့သြသွားတယ်။ အရမ်းလည်း ပျော်မိတယ်။ လက်ဗလာ နဲ့ မြန်မာနိုင်ငံကို ပြန်မလာချင်ဘူး။ တခြားဆုတွေ မရပေမယ့် ညီမကို အားပေးတဲ့ ပရိသတ်တွေကြောင့် ဒီဆုကို ရရှိတဲ့ အတွက် အရမ်းဝမ်းသာမိပါတယ်" ဟု ပြောသည်။

Miss Tourism World 2015 ပြိုင်ပွဲတွင် Miss Tourism World 2015 Winner အဖြစ် Miss Tourism Thailand မှ ရရှိ ခဲ့ပြီး 1st  Runner Up ကို Miss Tourism Ecuador ၊ 2nd  Runner Up ကို Miss Tourism Venezuela ၊ 3rd  Runner Up ကို Miss Tourism Serbia ၊ 4th  Runner Up ကို Miss Tourism Great Britain တို့မှ ရရှိခဲ့သည်။

အလှမယ် စီစီအေးကိုသည် Miss Tourism World 2015 ပြိုင်ပွဲ၌ ရခိုင်သတို့သမီးဝတ်စုံကို နိုင်ငံကိုယ်စားပြု ဝတ်ဆင်ကာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ထိုဝတ်စုံနှင့် ပတ်သက်ပြီးလည်း ပြိုင်ပွဲဝင်နိုင်ငံများ၏ စိတ်ဝင်စားမှုကို များစွာရရှိခဲ့သည်ဟု သူက ပြောသည်။

ထိုဝတ်စုံကို Shar Traက ဖန်တီးချုပ်လုပ်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

အလှမယ် စီစီအေးကိုက "အဲဒီ ဝတ်စုံကို ဓာတ်ပုံရိုက်ဖို့အတွက် ဝတ်လိုက်တဲ့အချိန်မှာ အကုန်လုံးက စိတ်ဝင်စားကြတယ်။ တချို့ နိုင်ငံတွေက အစိမ်းရောင်တို့ တခြား အရောင်တွေ ဝတ်ကြတယ်။ ညီမတို့ မြန်မာနိုင်ငံ တစ်ခုပဲ ဝတ်စုံ တစ်ခုလုံးကို ရွှေရောင် သုံးထားတဲ့အတွက် စိတ်ဝင်စားကြတယ်။ ခေါင်းပေါင်းက ဘာအတွက်လဲဆိုတာလည်း မေးကြတယ်။ ညီမကလည်း ဝတ်စုံ နဲ့ ပတ်သက်ပြီး သူတို့ကို သေချာ ရှင်းပြလိုက်ပါတယ်။ ပြီးတော့ သူတို့က နိုင်ငံကိုယ်စားပြု ဝတ်စုံနဲ့ ဒေါက်ဖိနပ် စီးကြတာများတယ်။ ညီမက ပုံတော် ဖိနပ် ဝတ်ဆင်ထားတဲ့ အတွက် အဲတာကိုလည်း သဘောကျကြတယ်" ဟု ပြောသည်။

လက်ရှိတွင် အလှမယ် စီစီအေးကိုသည် ၎င်း၏ Organization(အဖွဲ့အစည်း) ဖြစ်သည့် Miss Golden Land Myanmar Organization နှင့် ၂နှစ် စာချုပ်ချုပ်ဆိုထားပြီး ထိုအဖွဲ့အစည်း နှင့် ပတ်သက်သည့် ပွဲများ၊ ပရဟိတ လုပ်ငန်းများတွင် ပါဝင် လုပ်ကိုင် သွားမည် ဖြစ်ကာ အနုပညာ အလုပ်များလည်း ဆက်လက် လုပ်ကိုင်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly