ဟောလီးဝုဒ်အကျော်အမော် ဆေးလ်ဗားစတား စတားလုံးသည် ဇန်နဝါရီ ၁၀ ရက်က ကျင်းပ ပြုလုပ်သော ရွှေကမ္ဘာလုံး ဆုပေးပွဲတွင် အကောင်းဆုံး အမျိုးသား ဇာတ်ပို့ သရုပ်ဆောင်ဆုကို ရရှိခဲ့သည်။
အသက် ၆၉ နှစ်အရွယ်ရှိ စတားလုံးသည် ဆုရရှိရန် တစ်ပြေးနေသော “Bridge of Spies” ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ထားသူ မက်ခ်ရိုင်လန်စ်ကို ကျော်လွန်ကာ “Creed” ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသား ဇာတ်ပို့ သရုပ်ဆောင်ဆုကို ရရှိခဲ့ပြီး ယင်းဇာတ်ကားတွင် ကြေးစား လက်ဝှေ့သမား ရော့ကီဘာလ်ဘိုအာ အဖြစ် သရုပ်ဆောင်ထားသည်။
“ကျွန်တော် ဒီဆုရတဲ့အတွက် ထုတ်လုပ်သူကို ကျေးဇူးတင်ပါတယ်။ ရော့ကီဘာလ်ဘိုအာ ဇာတ်ကောင်စရိုက်ကို သရုပ်ဆောင်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟု စတားလုံးက ပြောကြားသည်။
သရုပ်ဆောင်မင်းသား မက်ဒါမွန်သည် ခရစ္စတင်ဘေးလ်၊ စတီဗ်ကာရဲလ်၊ အဲလ်ပါဆီနိုနှင့် မက်ခ်ရက်ဖ်ဖာလို တို့ကို ကျော်လွန်ကာ “The Martian” ဇာတ်ကားဖြင့် အကောင်းဆုံး ဟာသသရုပ် ဆောင် အမျိုးသားဆုကို ရရှိခဲ့သည်။
“The Revenant” ဇာတ်ကားနှင့် “The Martian” ဇာတ်ကားတို့သည် ထိပ်တန်း ရုပ်ရှင်ဇာတ် ကား ဆုများကို ရရှိခဲ့သည်။ “The Revenant” ဇာတ်ကားသည် အကောင်းဆုံး ဒရမ်မာရုပ်ရှင်ကားဆု အပါအဝင် ဆုသုံးဆု ဆွတ်ခူးခဲ့သည်။
“Revenant” ကြယ်ပွင့် လီအိုနာဒိုဒီကာပီရိုသည် အကောင်းဆုံး သရုပ်ဆောင်ဆုကို ရရှိခဲ့ပြီး ဒါရိုက်တာ အဲလီဂျန်ဒရိုအီနာရစ်သည် အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့သည်။ “Room” ကြယ်ပွင့် ဘရီရာလာဆွန်သည် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကို ရရှိခဲ့ပြီး ဂျနီဖာလော်ရင့်စ်သည် အကောင်းဆုံးဟာသ အမျိုးသမီး သရုပ်ဆောင်ဆုကို ရရှိခဲ့သည်။ ကိတ်ဝင်းစလပ်သည် “Steve Jobs” ဇာတ်ကားဖြင့် အကောင်းဆုံး ဇာတ်ပို့ အမျိုးသမီး သရုပ်ဆောင်ဆုကို ရရှိခဲ့သည်။