အင်းတော်ကြီးကို ဒုက္ခပေးသူများ

အင်းတော်ကြီးကို ဒုက္ခပေးသူများ

မိုးညှင်း (Myanmar Now) ။           ။ ချောင်းထဲစီးနေတာရေတွေမှ ဟုတ်ရဲ့လားလို့ သံသယဖြစ်မိတယ်။ စီးဆင်းနေတာတွေက အင်မတန် နောက်ကျိပြီး မြေနီရောင်ထနေတယ်။ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုင်းနောင်ရွာ ဘေးက ဟောဒီချောင်းဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကလူတစ်ရပ်စာထက် မနည်းရေ စူးရှိတယ်ဆိုပေမယ့် အခုတော့ ချောင်းထဲဆင်းကြည့်ရင် ခြေမျက်စိ ပဲမြုပ်တော့တဲ့ အနေအထားကို ရောက်လာပါပြီ။

ရွှေတူးဖော်မှု အကြီးအကျယ် လုပ်ကိုင်လို့ အခြေအနေပျက်သွားတဲ့ ဒီချောင်းက ကချင်ပြည် နယ်၊ မိုးညှင်းမြို့နယ်အတွင်း တည်ရှိတဲ့ မြန်မာပြည်ရဲ့အကျယ်ဆုံး ရေကန်အင်းတော်ကြီးရဲ့ ရေအရင်း အမြစ်တစ်ခုပါ။

အလျား ၁၄ မိုင်၊ အနံ ၇ မိုင် ကျယ်ဝန်းတဲ့အတွက် ကြည့်လိုက်ရင် ပင်လယ်ကြီးလို ဖြစ်နေတဲ့ အင်းတော်ကြီးကန်နဲ့ အဲဒီဝန်းကျင်မှာလူတွေ အပါအဝင် သတ္တဝါမျိုးစိတ် ရာပေါင်းများစွာ ခိုလှုံကျက် စားတယ် ဆိုတာကတော့ အံ့အားသင့်စရာ အချက်ပါပဲ။

အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောဟာ အမြဲစိမ်းတောရေ တိမ်ဂေဟစနစ်ဖြစ်ပြီး ငါးမျိုးစိတ် အရေအတွက်က ၆၄၊ ဆောင်းခိုငှက်တွေ အပါအဝင် ငှက်အမျိုးပေါင်း ၄၄၈၊ ကုန်းနေရေနေ သတ္တဝါ ၃၄ မျိုးကျက်စားတယ်လို့ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (Banca) ရဲ့ လွန်ခဲ့တဲ့ ၄ နှစ်က တွေ့ရှိချက်များက ဆိုပါတယ်။ တွားသွားသတ္တဝါ အမျိုးပေါင်း ၄၁၊ လိပ်ပြာမျိုးစိတ် ပေါင်း ၅ဝ တို့လည်း ရှိပါတယ်။

အမျိုးအစားများပြားလှတဲ့ သတ္တဝါမျိုးစုံအမှီပြုရာအင်းတော်ကြီးကိုပျက်စီးရာပျက်စီးကြောင်း ပြုနေတဲ့အရာ ၂ ခုကိုအဲဒီဒေသရောက်စဉ် သတိပြုမိခဲ့ပါတယ်။အဲဒါကတော့ ပတ်ဝန်းကျင် ပျက်စီးခြင်း နဲ့ ငြိမ်းချမ်းရေးတို့ပါပဲ။

ပတ်ဝန်းကျင် ပျက်ယွင်းခြင်း

ကျွန်တော် မိုင်းနောင်ရွာဘေးကေ ချာင်းတစ်လျှောက်ကို လမ်းလျှောက်ကြည့်တဲ့အခါ မြေတူး စက်တွေနဲ့ ချောင်းမြေတွေကိုတူးဆွ၊ ရွှေကျင်နေတာတွေ တွေ့ရပြီး ဒီဇယ်အင်ဂျင်စက်သံကလည်း ဆူညံနေပါတယ်။

အင်းတော်ကြီးကန်တခွင် သဘာဝပတ် ဝန်းကျင်နဲ့ သားငှက် ထိန်းသိမ်းရေးလုပ်နေတဲ့ Fauna & Flora International အဖွဲ့က ဒေသခံ တာဝန်ခံတစ်ယောက်ဖြစ်တဲ့ ကိုရန်ခေါင်းက အင်းတော် ကြီးထဲ စီးဝင်တဲ့ ဒီချောင်းအကြောင်း ပြောပြပါတယ်။

“ကျွန်တော်တို့ ငယ်ငယ်တုန်းက ဒီချောင်းရေဟာ ကြည်စိမ်းနေတယ်၊ အခုတော့ ချောင်းရေ ဟာ သွေးရောင်လို ဖြစ်နေပြီ။ ချောင်းအထက်ဘက်မှာဆိုရင် တကယ့်ရွာကြီးလိုကို ရွှေတူးနေကြတာ။ ဒီရွှေတွင်းတူးတာကြောင့်ပဲ အင်းတော်ကြီးကန်ဟာ ပျက်စီးမယ့်အရေးကို စိုးရိမ်နေရပြီ” လို့  သူက ဆိုပါတယ်။

အင်းတော်ကြီးကန် ဖွံ့ဖြိုးတိုးတက်ဖို့ရာမှာ ငြိမ်းချမ်းရေးကိုဘက်အားလုံးကလိုလိုချင်ချင်နဲ့ တည်ဆောက်ဖို့လိုအပ်သလိုကန်အနီးမှာရွှေတွင်းလုပ်ငန်းလိုမျိုးပတ်ဝန်းကျင်ပျက်စီးစေမယ့် စီမံကိန်း မျိုးကို မပေါ်ပေါက်မှ ဖြစ်မှာပါ။  အင်းတော်ကြီးကန် ပတ်ဝန်းကျင်တွေက သစ်တောတွေ မပြုန်းတီးရ အောင် ကာကွယ်ထိန်းသိမ်းဖို့လည်းလိုအပ်ပါတယ်။ ဒီသစ်တောတွေသာ မရှိတော့ရင် အင်းလေးကန် ကဲ့သို့ ရေလျော့နည်းခန်းခြောက်မှု ပြသနာတွေ ဖြစ်လာနိုင်ပါတယ်၊ 

အင်းတော်ကြီးကန်ရဲ့ ရေထဲကိုဒီရွှေမိုင်းတွင်းတွေကထွက်တဲ့ အန္တရာယ်ကြီးစွန့်ပစ်ပစ္စည်းတွေ ဘယ်လောက်များစိမ့်ဝင်နေသလဲဆိုတာကိုလက်တွေ့စမ်းသပ်ပြီးသက်ဆိုင်ရာကိုတင်ပြတဲ့အဖွဲ့အစည်းတွေရှိတာကိုမကြားမိသေးပါဘူး။ ဒေသခံ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့တွေမှာလည်း လုပ်ကိုင် နိုင်တဲ့ အင်အားက အကန့်အသတ်တွေများစွာ ရှိနေတာကို တွေ့ခဲ့ရပါတယ်။ လူ့ပယောဂကြောင့် ရေထုပျက်စီးမှုဟာ ဒီဒေသကိုမှီခိုနေတဲ့ လူအပါအဝင် သတ္တဝါတွေအတွက် အန္တရာယ် သေချာပေါက် ရှိပါလိမ့်မယ်။

ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး

အဲဒီရွှေတွင်းတွေနဲ့ အင်းတော်ကြီးကန်က အစိုးရစစ်တပ်တို့နဲ့က မိုင် ၂ဝ ဝန်းကျင်သာ အကွာ အဝေးရှိပေမယ့် ရွှေတွင်းတွေဆီကို သွားတဲ့လမ်းတလျှောက်မှာတော့ လက်နက်ကိုင်တပ်ဖွဲ့တွေက စစ်ဆေးစိစစ်ပြီးမှ သွားလာခွင့်ပြုတယ်လို့ မိုင်းနောင်ရွာ ဒေသခံတွေက ပြောကြတယ်။

အဲဒီလက်နက်ကိုင်အဖွဲ့တွေကသူ့နည်းသူ့ဟန်နဲ့ တန်ခိုးထက်သူတွေ ဖြစ်ကြောင်း ဒေသခံတွေ က ပြောကြပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်တုန်းက အင်းတော်ကြီးကန် အုပ်ချုပ်ရေးပိုင်း တာဝန် ရှိသူ တချို့ အဲဒီမိုင်းနော်ချောင်း အထက်ဘက်က ရွှေလုပ်ကွက်တွေကို သွားတဲ့အခါ လမ်းမှာ လက်နက်ကိုင် အဖွဲ့တွေရဲ့ တားမြစ်ခြင်းကို ခံခဲ့ရဖူးတယ်လို့လည်း အင်းတော်ကြီးဘေးမဲ့ကန် အုပ်ချုပ် ရေးမှူးဖြစ်သူ ဦးဌေးဝင်းက ကျွန်တော်နဲ့ တွေ့စဉ်က ပြောပြခဲ့ပါတယ်။

နိုင်ငံမှာရေတိမ်ဒေသအများအပြားရှိပေမယ့် နိုင်ငံတကာအသိအမှတ်ပြု ရေတိမ်ဒေသကတော့ တစ်ခုပဲရှိပါသေးတယ်။ အဲဒါကတော့ ပဲခူးတိုင်းဒေသကြီးထဲက မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောပါပဲ။ မိုးယွင်းကြီးကို ရမ်ဆာရေတိမ်ဒေသအဖြစ် လွန်ခဲ့တဲ့ဆယ်နှစ်က သတ်မှတ်ခဲ့တာပါ။ အင်းတော်ကြီးလည်း ရေပျော်ငှက်နေရင်း ဒေသအဖြစ် အရေးပါတဲ့ရေတိမ်ဒေသလို့ သတ်မှတ်ခံရရင် နိုင်ငံတကာက အလေးထား၊ ထိန်းသိမ်းရေးလုပ်ငန်းတွေ ထိထိရောက်ရောက် လုပ်နိုင်မှာပါ။ အဲဒီလို သတ်မှတ်ခံရဖို့ ကြိုးစားပေမယ့် အဆင်မပြေသေးဘူးလို့ အင်းတော်ကြီး ဘေးမဲ့ကန် အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးဌေးဝင်းက ပြောပါတယ်။

“ရွှေတွင်းတွေကြောင့်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြောင့် ကျွန်တော်တို့မှာ တိုးတက် ဖွံ့ဖြိုးအောင်လုပ်ဖို့ အရမ်းကို အခက်တွေ့ကြရတယ်။ ဒီရွှေတွင်းရှိတဲ့ကြောင့်ပဲ ကမ္ဘာ့အမွေအနှစ် အင်းအဖြစ် ကျွန်တော်တို့တင်ပြခဲ့တာကို ကမ္ဘာ့အဖွဲ့အစည်းတွေက လက်မခံခဲ့ကြတာ” လို့ သူက ဆိုပါတယ်။

အင်းတော်ကြီးနဲ့ သိပ်မဝေးတဲ့ တောင်ကြောတလျှောက်ကတော့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA  တပ်ဖွဲ့တွေ လှုပ်ရှားတဲ့ နယ်မြေတွေပါ။  အင်းတော်ကြီးကန်ဝန်းကျင် တပ်မတော် စခန်းတွေ ရှိပြီးအဓိကအသွားအလာလမ်းတွေကို ည ၆ နာရီကျော်တာနဲ့ ဖြတ်သန်းခွင့် ပိတ်လိုက် တာကို တွေ့ရပါတယ်။တပ်မတော်နဲ့  ကချင်ပြည်နယ် နေရာအနှံ့မှာလှုပ်ရှားတဲ့ KIA ကြားအဆက်မ ပြတ် တိုက်ခိုက်နေကြမှုဟာ ဒေသခံတွေအပေါ် သက်ရောက်မှု အားကြီးလှပါတယ်။

အင်းတော်ကြီးကန်တခွင်ကကျေးရွာတွေမှာနေထိုင်နေတဲ့ ကချင်တိုင်းရင်းသား အများအပြား က တပ်မတော်ကို နှစ်သက်ခြင်းမရှိ ကြောက်ရွံ့ကြပါတယ်။ “ကျွန်တော်တို့ အင်တော်ကြီးကန်တ ခွင်မှာ ကကချင်လူမျိုးတွေ နည်းတယ်။ ရှမ်းနီ(တိုင်းလိုင် ) လူမျိုးတွေများတယ်။ စစ်တပ်က ကျွန်တော် တို့ ကချင်တွေကို KIA က လူတွေလို့ပဲ ထင်ကြတာမျိုး ခံစားရတယ်။ KIA နဲ့ တခုခုဖြစ်တာနဲ့ ကျွန်တော်တို့ကို မျက်စိထောက်ကြည့်၊ တခါတလေခေါ်စစ်တာမျိုးလုပ်တယ်"လို့ အင်းတော်ကြီးကန် ဘေးပတ်လည်ရှိရွာတွင် နေထိုင်နေတဲ့ ကချင်တိုင်းရင်းသားတဦးက ရင်ဖွင့်ခဲ့ပါတယ်။

လက်နက် ကိုင်ထားသူတွေ ခေါ်ယူစစ်ဆေးတာခံရသူရဲ့ ကံကြမ္မာကအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ အိမ်ကိုဒဏ်ရာဒဏ်ချက်နဲ့ ပြန်ရောက်တာကအစရုပ်အလောင်းတောင် အိမ်ပြန်မရောက်တာမျိုးအထိ ဖြစ်နိုင်ပါတယ်။

“ကျွန်တော်တို့က ဒီမှာနေရတာ တိုက်ပွဲမဖြစ်ပါစေနဲ့လို့ မမြဲဆုတောင်းနေရတယ်”လို့ အဲဒီက ချင်အမျိုးသားက ဆက်ပြောပြပါတယ်။ အင်းတော်ကြီးကန်ကို အမှီပြုပြီးတော့ တောင်ယာလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း အနည်းငယ်သာ လုပ်ကိုင်ကြပြီး အများစုက ရွှေမိုင်းတွင်းနဲ့ ဖားကန့်ကျောက်စိမ်း မှော်တို့မှာသွားရောက် လုပ်ကိုင်နေကြတာကို တွေ့ရပါတယ်။ ကျောက်တွင်း၊ ရွှေတွင်းဒေသမှာ ပိုပြီး ပေါများတဲ့ အရာကတော့ မူးယစ်ဆေးဝါး မျိုးစုံပါပဲ။

“ချောင်းအထက်ဘက်မှာဆိုရင် တကယ့်ရွာကြီးလိုကိုရွှေတူးနေကြတာ။ အဲဒီနေရာမှာဆိုရင် မူးယစ်ဆေးကအစအကုန်လုံးရတယ်။ ဥပဒေဆိုတာဘာမှန်းကိုမသိတဲ့နေရာဖြစ်နေပြီ”လို့  Fauna & Flora International အဖွဲ့ကကိုရန်ခေါင်းကဆိုပါတယ်။

ဆေးစွဲသူတွေ ဆန္ဒပြည့်ဖို့ လိုအပ်တာကတော့ ငွေကြေးပါပဲ။ ဒီလိုနဲ့ ငွေရလွယ်တဲ့ သတ္ထုတူး ဖော်ရေး၊ ကျောက်တွင်း၊ သစ်လုပ်ငန်းတွေဟာ မူးယစ်ဆေးဝါးကိစ္စနဲ့ မဖြစ်မနေ ဆက်စပ်နေပါတော့ တယ်။ ဒီဒေသရဲ့ ငြိမ်းချမ်းရေး၊ သဘာဝသယံဇာတတွေ စနစ်တကျ ထုတ်လုပ်မှုမရှိတာ၊ ပြည်တွင်းစစ် ပွဲတွေကြောင့် တိုင်းရင်းသားတွေအကြား သွေးကွဲစေတာ၊ ဒေသခံတို့ ရွေးချယ်စရာ အခွင့်အလမ်းမရှိ၊ မြန်မာပြည်က တခြားဒေသတွေလိုပဲ ဒီမှာလည်း ဒေသခံအများအပြား မူးယစ်ဆေးနွံထဲ ကံျွဝင်နေတာ တွေကို စဉ်းစားရင်း တောက်ပနေတဲ့ အင်းတော်ကြီး ကန်ရေပြင်ပေါ်မှာ သက်ပြင်းအကြိမ်ကြိမ် ချခဲ့မိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly