ရန်ကုန်၊ဒီဇင်ဘာ၂၄ ။ ။ စိုက်ပျိုးရေးထုတ်ကုန်အမယ်အသစ်ဖြစ်သည့် ကြယ်ပဲစိုက်ပျိုးရေးလုပ်ငန်းသည်ရေရှည်တွင် ကောင်းမွန်သည် ဈေးကွက်ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ကြယ်ပဲစိုက်ပျိုးသူများက သုံးသပ်သည်။
ကြယ်ပဲသည် နှစ်ရှည်ပင်တစ်မျိုးဖြစ်ပြီး တစ်ဧကလျှင် စိုက်ပျိုးစရိတ် ၁၀သိန်းကျော်ရှိပြီး စစိုက်ပြီး ရှစ်လအရွယ်တွင် စတင်အသီးသီးကြောင်း၊နိုင်ငံခြားဈေးကွက် အနေဖြင့် ထိုင်းနိုင်ငံကို တင်ပို့ရကြောင်း မြန်မာနိုင်ငံကြယ်ပဲစိုက်ပျိုးထုတ် လုပ်သူများအသင်း ဥက္ကဌ ဦးဝင်းမော်ကပြောသည်။
လက်ရှိဈေးကွက်ပေါက်ဈေးအနေဖြင့် ထိုင်းနိုင်ငံ လန်ပန်းမြို့အရောက်ကို တစ်ကီလိုလျှင် ဘတ် ၇၀ ပေါက်နေကြောင်း၊ မြန်မာတောင်သူများအနေဖြင့် စိုက်ပျိုးရန်သာလိုပြီး ဈေးကွက်မှာ အရံသင့်ရှိနေကြောင်းထိုင်းနိုင်ငံမှာတ်လ လျှင် တန်ချိန်လေးထောင်ခန့် ဝယ်ယူရန်ကမ်းလျမ်းမှုများရှိနေကြောင်း ၎င်းကရှင်းပြသည်။
"ထိုင်းနိုင်ငံကလည်းကျွန်တော်တို့နိုင်ငံကိုလာလည်မယ်။လက်ရှိစိုက်ထားတဲ့ ဧကတွေ လိုက်ကြည့်မယ် မင်းတို့ဘယ်လောက်ထွက်ပြီလဲပေါ့နော်။ သူတို့ပြောတာက ဧက ၄၀၀၀ လောက်ဆိုရင် သူတို့ စက်ရုံလာဆောက်မယ် အနေအထားကိုသူတို့ဘက်ကအာမခံတာပေါ့နော်။"ဟု AGARWIN-KEYSTONE Co., Ltdမှ Chief Foresty Officer ဦးထွန်းနိုင် ကပြောသည်။
ကြယ်ပဲစိုက်ပျိုးရေးသည် မြန်မာနိုင်ငံကို ၂၀၁၃ခုနှစ်က စတင်ရောက်ရှိလာပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊ကချင်ပြည်နယ် တို့တွင် စတင်စိုက်ပျိုးခဲ့ပြီး မြန်မာစိုက်ပျိုးထုတ်လုပ်သူများနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသေးသည့် သီးနှံဖြစ်ကာ ဈေးကွက်ဝင်သီးနှံဖြစ်လာပြီး ပြည်ပပို့ကုန်အမယ်သစ် အဖြစ်မျှော်မှန်းစိုက်ပျိုးနေသူများလည်း ရှိနေသည်။