ဘန်ကောက်၊ ဒီဇင်ဘာ ၂၀ ။ ။ ထိုင်းနှင့် တရုတ် ပူးတွဲရထားလမ်းစီမံကိန်းကို အစောဆုံးအားဖြင့် လာမည့်နှစ် မေလခန့်မှ တည်ဆောက်ရေး စတင်မည်ဖြစ်သော်လည်း ဖွင့်လှစ်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၁၉ ရက်က တရားဝင်စတင်လိုက်သည်။
ယခုဖွင့်ပွဲအခမ်းအနားက နှစ်နိုင်ငံကတိကဝတ်အား ရုပ်လုံးဖော်နိုင်ရေးတွင် အထောက်အကူပြုနိုင်ရန် ကျင်းပခြင်းလည်းဖြစ်သည်။ သို့ရာတွင် စီမံကိန်း၏နောက်ကွယ်၌ လုပ်ငန်းအတွက် ဘဏ္ဍာငွေထည့်ဝင်မှုနှင့် ရှယ်ယာပိုင်ဆိုင်မှုများနှင့် ပတ်သက်ကာ သဘောတူညီမှု မရသေးဘဲ ရှိနေသည်။
ထိုင်းဒုတိယဝန်ကြီးချုပ် ပရာဂျင်ဂျန်တန်နှင့် တရုတ်နိုင်ငံတော်ကောင်စီဝင် ဝန်ယန်တို့က ဦးဆောင်ကာ ထိုင်းဘတ်ငွေ ၅၃၀ ဘီလီယံတန်ဖိုးရှိသည့် ယင်းရထားလမ်းစီမံကိန်းအတွက် လက်တွဲလုပ်ဆောင်မှုကို ပြသခြင်းအနေဖြင့် ယခုဖွင့်ပွဲကို ဘန်ပါအင် ခရိုင်ရှိ ချိုင်းရတ်နွန်ဘူတာရုံတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
ရထားလမ်းစီမံကိန်းနှင့် ပတ်သက်ကာ တရုတ်ဖက်က ချေးငွေထုတ်ပေးရေးအပါအဝင် ကိစ္စရပ်အနည်းအကျဉ်းတွင် နှစ်ဖက်ကိုယ်စားလှယ်များ ဆွေးနွေးရန် ကျန်ရှိနေသေးလင့်ကစား ရထားလမ်းစီမံကိန်းအား နောက်ကြောင်းပြန်လှည့်ခြင်းမရှိဘဲ ဖြစ်မြောက်စေရမည်ဟုလည်း ၎င်းတို့က ကတိကဝတ်ပြုထားခဲ့ကြသည်။
ယခုဖွင့်ပွဲအစီအစဉ်နှင့်အတူ အကြီးစားလိုအပ်ပစ္စည်းကိရိယာများကို တရုတ်နိုင်ငံက ထိုင်းနိုင်ငံသို့ လွဲပြောင်းပေးပို့ခဲ့သည်။
ထိုင်းနှင့် တရုတ်နိုင်ငံတို့ သဘောတူညီခဲ့ကြသည့် ရထားလမ်းစီမံကိန်းမှာ တစ်လမ်းနှင့် တစ်လမ်း ၁ ဒသမ ၄၃၅ မီတာ ကွာဝေးသည့် ရထားလမ်းပိုင်းနှစ်ပိုင်း တည်ဆောက်ရေးဖြစ်သည်။ ဆာရာဘူရီရှိ ကာအန်းခို့ခရိုင်မှတစ်ဆင့် ရာယွန်ရှိ နွန်ခိုင်မှ မတ်တာဖတ်သို့ ဖောက်လုပ်လမ်းပိုင်းနှင့် ကာအန်းခို့မှ ဘန်ကောက်သို့ ဖောက်လုပ်သည့် ရထားလမ်းပိုင်း နှစ်ပိုင်းဖြစ်သည်။
စီမံကိန်းနှင့် ပတ်သက်သည့် ဆွေးနွေးမှုများတွင် သဘောထား မတူညီမှုများ ရှိနေဆဲဖြစ်သော်လည်း ၂၀၁၆ မေလတွင် စတင်တည်ဆောက်မည့် လျာထားချက်က အပြောင်းအလဲမရှိကြောင်း ထိုင်းသယ်ယူပို့ဆောင်ရေးဝန်ကြီး အက်ခွန်က ပြောခဲ့သည်။ ယခု ရထားလမ်းစီမံကိန်းအား အချိန်လေးနှစ်ဖြင့် တည်ဆောက်သွားမည် မျှော်မှန်းထားသည်။