ဒီဇင်ဘာလ ၁၂ ရက် ။ ။ ဇူလိုင်မှ စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ရေကြီး၊ ရေလျှံမှုနှင့် မြေပြိုမှုများကြောင့် စီးပွားရေးတန်းဖိုး ပျမ်းမျှ ကျပ် သန်းပေါင်း (၁ ဒသမ ၉) ထရီလီယံ (သို့မဟုတ်) အမေရိကန် ဒေါ်လာသန်းပေါင်း (၁ ဒသမ ၅) ဘီလီယံခန့် ထိခိုက် ဆုံးရှုံးမည်ဟု ဆန်းစစ်ချက် အစီရင်ခံစာတစ်ခုက ခန့်မှန်းထုတ်ပြန်ထားသည်။
ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ချက်မှာလည်း ယင်းပမာဏခန့်ပင်ရှိကြောင်း အစီရင်ခံစာက ခန့်မှန်းထားသည်။
ဒီဇင်ဘာ ၁၁ ရက်နေ့က နေပြည်တော်၌ ကျင်းပသည့် ပြန်လည်ထူထောင်ရေးဖိုရမ် အခမ်းအနားတွင် ထုတ်ပြန်ခဲ့သည့် ရေကြီး၊ ရေလျှံမှုနှင့် မြေပြိုမှုအလွန်ကာလ လိုအပ်ချက်များ ဆန်းစစ်ချက် အစီရင်ခံစာပါ အချက်များမှ အချို့ကို ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အစီရင်ခံစာသည် ရေကြီးရေလျှံနှင့်မြေပြိုမှုကာလတွင် ထိခိုက်နစ်နာခဲ့သော လူဦးရေ နှစ်သန်းခန့်၏ လိုအပ်ချက်ကို စနစ်တကျ သုံးသပ်နိုင်ရန် ရည်ရွယ်ထားသည်ဟု 'အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ' ဥက္ကဌ လည်းဖြစ်သူ ဒုတိယသမ္မတက ဆိုသည်။
ဤအစီရင်ခံစာ၏ အရေးပါသော အကြံပြုချက်များအနေဖြင့် 'အုပ်ချုပ်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုကို အားကောင်းစေရေး၊ သတင်းအချက်အလက်စနစ်နှင့် ရှေးဦးအရေးပေါ် ကြိုတင်ကြေငြာနိုင်မှု စနစ်များ ထူထောင်နိုင်ရေး၊ အရေးပေါ် လုပ်ငန်းစဉ် များ အားကောင်းစေရေး၊ ရှေးဦး ပြန်လည်ထူထောင်ရေးအား ဦးစားပေးဆောင်ရွက်နိုင်ရေး၊ အရင်းအမြစ် ခွဲဝေမှုကို ပွင့်လင်းမြင်သာစွာနှင့် တာဝန်ယူမှု ပြည့်ဝစွာ စီမံခန့်ခွဲနိုင်ရေး၊ အုပ်ချုပ်ရေးစနစ်နှင့် လုပ်ထုံးလုပ်နည်းများခိုင်မာရေး' တို့ ဖြစ်ကြောင်းလည်း ဒုတိယသမ္မတက ပြောဆိုသွားသည်။
ပြန်လည်ထူထောင်ရေးဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကမ္ဘာ့ဘဏ်၊ ကုလသမဂ္ဂ၊ အီးယူ၊ ဂျပန်နှင့် တရုတ်နိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များလည်း တက်ရောက်ကြသည်။
ဇွန်၊ ဇူလိုင် နှင့် စက်တင်ဘာလအတွင်း ရေကြီး၊ ရေလျှံ သဘာဝဘေးကြောင့် အသက်ဆုံးသူ ၁၃၀ ကျော်ရှိခဲ့သည်။