စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်းကိစ္စ ဇေကမ္ဘာ ဦးခင်ရွှေ၏ အဆို လွှတ်တော်တွင် ရှုံးနိမ့်

စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်းကိစ္စ ဇေကမ္ဘာ ဦးခင်ရွှေ၏ အဆို လွှတ်တော်တွင် ရှုံးနိမ့်

စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်းပါဝင်သည့် "စုပေါင်းပိုင်မြေ" စကားရပ်အစား စုပေါင်းနှင့် သက်ဆိုင်သောမြေ ဟု စကားရပ်ပြောင်းလဲရန် ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးဖြစ် သည့် အမျိုးသားလွှတ်တော်အမတ် ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ ဒေါက်တာခင်ရွှေက နိုဝင်ဘာ ၂၃ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် အဆိုပြု ဆွေးနွေးခဲ့သည်။

“ပိုင်ဆိုတဲ့ အသုံးအနှုန်းသုံးမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံခြားသားကို ကျွန်တော်တို့ ရောင်းလို့ မရတဲ့ အတွက်ကြောင့် ဆိုင်ဆိုတဲ့ အသုံးနှုန်းလေးကို သုံးပေးပါလို့ ကျွန်တော် မေတ္တာရပ်ခံအပ်ပါ တယ်" ဟု ဒေါက်တာခင်ရွှေက ဆွေးနွေးခဲ့သည်။

ဆောက်လုပ်ရေးဆိုင်ရာ ပရောဂျက်(၂၀၀)ကျော်မှာ စည်ပင်သာထံတွင် ခွင့်ပြုချက်တင်ထားပြီး မည်သည့်ကုမ္ပဏီမျှ လုပ်ငန်းမစရသေးကြောင်းဘဲ ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်နေကြောင်း ဦးခင် ရွှေက ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေး ပြောဆိုခဲ့သည်။

“ဘာကြောင့်လဲဆိုတော့ ကွန်ဒိုမီယံလော (Law) ထွက်ပြီးတော့မှ နိုင်ငံခြားသားတွေကို ငါးဆယ်ရာခိုင်နှုန်း အောက်ကို ရောင်းခွင့်ပေးမှ သူတို့ လှုပ်မယ့်အနေအထားမျိုးရှိတယ်” ဟု ပြည်ထောင်စု လွှတ်တော်၌ ဦးခင်ရွှေက ဆွေးနွေးခဲ့သည်။

လက်ရှိ စုပေါင်းပိုင်အဆောင်အအုံဆိုင်ရာဥပဒေကြမ်းကို ပြဌာန်းနိုင်ရန် ဆောင်ရွက်နေသည် မှာ ၃နှစ် ကြာပြီဖြစ်ကြောင်းနှင့် ယင်းဥပဒေကြမ်းကို အမြန်အတည်ပြုပေးနိုင်ရန် ရေဖြူမဲဆန္ဒနယ်မှ ဥပဒေကြမ်းပူးပေါင်း ကော်မတီဝင် ဦးဝင်းဦးက ဆွေးနွေးခဲ့သည်။

"ကိုယ်စားလှယ်တော်ကြီး ဒေါက်တာခင်ရွှေ ပြောသလိုပဲ သက်ဆိုင်သောမြေလို့ပဲ ပြောင်းလဲ ရန်ဆိုလို့ရှိရင် ဆိုင်သာဆိုင်တယ်။ မပိုင်ဘူးဆိုတာ ဖြစ်နေပါတယ်၊ အဲ့တော့ ဘယ်သူပိုင်ပါသလဲ။ ဒီမြေ ကို ဒီမြေပေါ်မှာဆောက်ထားတဲ့ အိမ်လေးတစ်လုံးကို ရောင်းရင်လည်း အိမ်ပဲရောင်းမှာပဲ မြေမပါဘူးလို့ ပြောလို့မရပါဘူး၊ ပိုင်ဆိုင်မှုပြောင်းလည်းရမှာပါ၊ဒါကြောင့်မို့လို့ ဆိုင်သာဆိုင် မပိုင်တဲ့ ဥပဒေမျိုးတော့ မဖြစ်စေချင်ပါဘူး။ အစကတည်းက ပြီးပြည့်စုံတဲ့ ဥပဒေဖြစ်တဲ့ အတွက် ဒါကိုပဲ အတည်ပြုပေးပါရန် တင်ပြပါတယ်" ဟု ဦးဝင်းဦးက ဆွေးနွေးခဲ့သည်။

အဆိုပါ စကားရပ်အစား ပြင်ဆင်ရန်နှင့် စပ်လျဉ်း၍ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေ ကြမ်း ရေးဆွဲခဲ့သည့် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှလည်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ သဘောထားအတိုင်း သဘောတူတာဖြစ်ကြောင်း ဆောက်လုပ်ရေး ဒုဝန်ကြီး ဦးစိုးတင့်က လွှတ်တော်တွင် ပြောကြားခဲ့သည်။

ထို့နောက် လွှတ်တော်၏ အဆုံးအဖြတ်ကို မဲခွဲရယူရာတွင် ထောက်ခံမဲ (၄၀၈)မဲ ကန့်ကွက်မဲ (၇)မဲ၊ ကြားနေမဲ(၈)မဲ ဖြစ်၍ ထောက်ခံမဲများသည့်အတွက် ဒေါက်တာဦးခင်ရွှေ၏ စုပေါင်းပိုင် အဆောက်အအုံ ဆိုင်ရာ ဥပဒေကြမ်းပါဝင်သည့် စုပေါင်းပိုင်မြေ စကားရပ်အစား စုပေါင်းနှင့် သက်ဆိုင် သော မြေဟု စကားရပ်ပြောင်းလဲရန် အဆိုတင်သွင်းချက် ရှုံးနိမ့်ခဲ့သည်။

ကွန်ဒိုမီယံဥပဒေဟု လူသိများသည် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေကြမ်း၏ အတည် ပြုရန် ကျန်ရှိသေးသည့် အစိတ်အပိုင်းများကို နိုဝင်ဘာ ၂၃ရက်တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်တွင် ဆက်လက် ဆွေးနွေး အတည်ပြုမည်ဦး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly