နေပြည်တော်၊ နိုဝင်ဘာ ၂၀ ။ ။ ရခိုင်ပြည်နယ်တွင် တောင်ကုန်း အကာအကွယ်မရှိသည့် နေရာဒေသများတွင် မုန်တိုင်းအန္တရာယ်ကို ကာကွယ်နိုင်သည့် မုန်တိုင်းဒဏ်ခံ Cyclone Shelterများကို အပြည့်အဝ တည်ဆောက်နိုင်ခြင်းမရှိသေးဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်က ပြောသည်။
“ကျွန်မတို့ ဝန်ကြီးဌာနအနေနဲ့ ဘက်ဂျက်ရရှိမှုက အလွန်နည်းပါးစွာရရှိတဲ့ ဌာနဖြစ်ပါတယ်။ ဘက်ဂျက်အတိုင်းအတာအရပဲ ဆောင်ရွက်နေရတာပါ” ဟု ဒေါ်စုစုလှိုင်က နိုဝင်ဘာ ၂၀ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။
ရခိုင်ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောက်လုပ်သည့် မုန်တိုင်းဒဏ်ခံ အဆောက်အဦများ၏ အခြေအနေအား ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်း၏ မေးမြန်းမှုအပေါ် ဒုဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေအရ စုစုပေါင်း ကျပ်သန်း ၃၅၀၀၀ တန်ဖိုးရှိသည့် Cyclone Shelter (၁၀) တစ်လုံးကို စစ်တွေမြို့နယ်ရှိ ပလ္လင်ကျေးရွာ၊ မင်းလှကျေးရွာ၊ သဲချောင်းကျေးရွာနှင့် ဘောတူဖကျေးရွာ၊ ပေါက်တောမြို့နယ်ရှိ ကံပြင်ကျေးရွာ၊ မင်းပြားမြို့နယ်ရှိ အိုင်ဝန်းကျေးရွာ၊ မြေပုံမြို့နယ် သင်ပေါင်းချောင်းကျေးရွာ၊ ပြင်ချောင်းကျေးရွာ၊ ကျောက်ဖြူမြို့နယ်ရှိ သဲတန်းကျေးရွာနှင့် တောင်ကုတ်မြို့နယ်ရှိ ငမောက်ချောင်း ကျေးရွာတို့တွင် တည်ဆောက်လျက်ရှိသည်။
ထိုသို့ တည်ဆောက်ရာတွင် စစ်တွေမြို့နယ်၊ ပေါက်တောမြို့နယ်၊ မြေပုံမြို့နယ်၊ တောင်ကုတ်မြို့နယ်တို့တွင် ဆောက်လုပ်လျက်ရှိသည့် Cyclone Shelter များသည် ၉၀ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးပြီး ကျောက်ဖြူမြို့နယ် သဲတန်းကျေးရွာတွင် ဆောက်လုပ်လျက်ရှိသည့် Cyclone Shelter သည် ၅၀ ရာခိုင်နှုန်း၊ စစ်တွေမြို့နယ် သဲချောင်းကျေးရွာရှိ Cyclone Shelter မှာ ရာနှုန်းပြည့် ဆောက်လုပ်ပြီးဖြစ်ကြောင်း ဒုဝန်ကြီးက လွှတ်တော်တွင် ပြောသည်။