မော်စကို၊ နိုဝင်ဘာ ၁၇ ။ ။ လွန်ခဲ့သည့်လက အီဂျစ်တွင် ရုရှား၏ A321 ခရီးသည်တင်လေယာဉ်ကို အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုက ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ရုရှားလုံခြုံရေး အကြီးအကဲက ပြောကြားသည်။ ယင်းလေယာဉ်ပစ်ချခံရမှုကြောင့် လေယာဉ်ပေါ်ပါသူ လူ၂၂၄ဦးစလုံး သေဆုံးခဲ့သည်။
အဲဘတ်စ်အမျိုးအစား ၎င်းလေယာဉ်၏ အပျက်အစီးအပိုင်းအစများပေါ်တွင် နိုင်ငံခြားဖောက်ခွဲရေးပစ္စည်းများ၏ ခြေရာလက်ရာအစအနများကို တွေ့ရှိခဲ့သည်ဟု လုံခြုံရေးအကြီးအကဲဖြစ်သူ အလက်ဇန်ဒါဘော့တ်နီကော့ဗ်က ရုရှားသမ္မတ ဗလာဒီမာပူတင်သို့ ပြောကြားခဲ့သည်။
ဆိုင်းနိုင်းကျွန်းဆွယ်ပေါ်တွင် ဖြစ်ပွားခဲ့သော ယင်းတိုက်ခိုက်မှုအတွက် ကျူးလွန်သူများကို ရှာဖွေအပြစ်ပေးသွားမည်ဟု မစ္စတာပူတင်က ကတိပြုခဲ့သည်။ အိုင်အက်စ်အဖွဲ့က တိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဟု ပြောကြားထားသည်။ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူအာလုံးနီးပါးမှာ ရုရှားလူမျိုးများ ဖြစ်သည်။