နေပြည်တော်၊ နိုဝင်ဘာ ၁၄ ။ ။ Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင် နိုဝင်ဘာ ၁၅ရက် နံနက်က ပြည်ပထွက်ခွာစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လူဝန်မှုကြီးကြပ်ရေးဌာန အရာရှိက ပိတ်ပင်တားဆီးသဖြင့် ပြည်ပမထွက်ဘဲ လှည့်ပြန်ခဲ့ရသည်ဟု Eleven Media ၏ တရားဝင် လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြထားသည်။
လဝက အရာရှိ ဦးရန်လင်းစိုးက ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး ပြန်ကြားရေး ဝန်ကြီးဋ္ဌာန၏ ညွှန်ကြားချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဋ္ဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဋ္ဌာနက ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဋ္ဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းက Eleven Media Group ကို ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားသော အမှုကိစ္စနှင့် စပ်လျဉ်းပြီး ယင်းကဲ့သို့ ပြည်ပထွက်ခွာခွင့် ပိတ်ပင်ထားခြင်း ဖြစ်သည်ဟု သိရကြောင်း Eleven က ဖော်ပြထားသည်။
"ဒါဟာ မြန်မာနိုင်ငံမှာ ဥပဒေမဲ့ လုပ်ရပ်တွေ ရှိနေတယ်ဆိုတာကို ပြဆိုလိုက်တာပဲ။ ပုဒ်မ ၅၀၀ လို အမှု သေးသေးနဲ့ တရား ရင်ဆိုင်နေရလို့ ပြည်ပ ထွက်ခွာခွင့် ပိတ်တယ်ဆိုတာ တစ်ခါမှ မကြားဖူးဘူး"ဟု ဒေါက်တာသန်းထွန်းအောင်က ပြောကြားချက်ကို Eleven က ဖော်ပြထားသည်။